ကော့ကရိတ် ဇူလိုင် ၅
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်း၍ စာရေးဆရာမောင်ခင်မင်(ဓနုဖြူ) ရေးသားသည့် “အမွေခံတစ်ယောက်အမွေပေးသူတစ်ရာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က အဆိုပါ ရုံးလူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်လေးနွယ်က စာပေဖတ်ရှုလေ့လာသည့် အလေ့အကျင့်ကောင်းများရရှိလာစေရန်၊ စာဖတ်ရှိန်မြှင့်မားလာစေရန်နှင့် စာပေမှရရှိသည့် ဗဟုသုတအကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးစေရေးအတွက် စာဖတ်ဝိုင်းများ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် စာဖတ်ဝိုင်းဆွေးနွေးပွဲဆောက်ရွက်ကြရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံးမှ ဒေါ်အိသဇင်က “ပါရဂူဂုဏ်ပြုပွဲကအပြန်” ခေါင်းစဉ်ပါ အကြောင်းအရာကိုလည်းကောင်း၊ ခရိုင်အသေးစားစက်မှုလက်မှုဦးစီးဌာနမှ ဦးကိုကိုနိုင်က “ဝထ္ထုဖတ်တာရှက်စရာမဟုတ်ပါ” ခေါင်းစဉ်တို့အားလည်းကောင်း၊ Book Club အဖွဲ့ဝင် ဒေါ်ဇင်မာဦးက “ပညာတက်ဖို့စာဖတ်ရမည်” ခေါင်းစဉ်တို့အားလည်းကောင်း ဆွေးနွေးပြောကြားကြပြီး တက်ရောက်လာကြသော စာအုပ်စာစောင်ချစ်မြတ်နိုးသူအဖွဲ့ဝင်များ၊ စာပေဝါသနာရှင်စာဖတ်ပရိသတ်များက အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ခင်မျိုးဝင်း(ခရိုင်၊ ပြန်/ဆက်)