မိုးညိုမြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ဒေသဖွံ့ဖြိုးရေးအသိပညာပေး ကွင်းဆင်းဆောင်ရွက်

မိုးညို ဇူလိုင် ၅

ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်မြင့်မားရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းတွင် ဝဲကြီးကျေးရွာအုပ်စု၊ သဲရိုးကျေးရွာ(၁)သို့ ဒေသဖွံ့ဖြိုးရေးအသိပညာပေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့အသိပညာပေးဆောင်ရွက်ရာတွင် စိုက်ပျိုးရေးဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ သမဝါယမဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနတို့မှ တာဝန်ရှိသူများက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် သက်ဆိုင်ရာဌာနတစ်ခုခြင်းစီ၏လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဆောင်ရွက်ပေးနိုင်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားပြီး ဒေသခံပြည်သူများက သိရှိလိုသည်တို့ကိုမေးမြန်းရာ ပြန်လည်ဖြေကြားဆွေးနွေးခဲ့သည်။

ထို့နောက်တောင်သူများ ကုန်ကျစရိတ်သက်သာပြီး လွယ်ကူစွာ ပြုလုပ်သုံးစွဲနိုင်သည့် ကြက်သွန်ဖြူ ပိုးသတ်ဆေးပြုလုပ်နည်း၊ ကိုင်းကူး/ကိုင်းစပ်ပြုလုပ်နည်း၊ မှိုပြုလုပ်ပုံအဆင့်ဆင့်နှင့် မြေချဉ်/ငံတိုင်းတာခြင်းများကို စိုက်ပျိုးရေးဦးစီးဌာနမှ လက်တွေ့ပြသပြီး ကိုင်းရှည်လက်တွန်းထွန်စက် ထိန်းသိမ်းကြံ့ခိုင်မှုကို စက်မှုလယ်ယာဦးစီးဌာနမှ လက်တွေ့ သရုပ်ပြဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုမင်း