ရှမ်းရွာသစ် ဇူလိုင် ၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ ဒေသနေပြည်သူအများစု၏ နေအိမ်ခြံဝင်းတွင် တစ်ပိုင်တစ်နိုင် ရခိုင်ငှက်ပျောစိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်းပြီး မိသားစုအပိုဝင်ငွေရရှိသောကြောင့် အဆင်ပြေလျက်ရှိကြောင်း ငှက်ပျောစိုက်ဒေသနေပြည်သူများထံမှ သိရသည်။
ငှက်ပျောပင်များစိုက်ပျိုးသည့်အခါ ငှက်ပျောပင်သားတက်များကို အရွယ်ငယ်ငယ်ခွဲပြီး စတင်စိုက်ပျိုးလျှင် ငှက်ပျောသီးများများသီးကြောင်း၊ ငှက်ပျောပင်များကို စိုက်ပျိုးပြီး (၁၀)လကြာလျှင် ငှက်ပျောခိုင်စတင်ထွက်ရှိရာ အခိုင်ထွက်ပြီး (၃)လကြာလျှင် ရင့်မှည့်ပြီး အသီးများခုတ်၍ ရောင်းချရကြောင်း၊ သားတက်ငယ်ဖြင့် စိုက်ပျိုးပါက ငှက်ပျောခိုင်တစ်ခိုင်လျှင် ငှက်ပျောဖီး(၁၀)ဖီးအထိပါရှိ၍ ငှက်ပျောသီးတစ်ဖီးလျှင် ငွေကျပ်(၅၀၀)ကျပ်ဖြင့် ရောင်းချရသည့်အတွက် မိသားစုအပိုဝင်ငွေရရှိပြီး စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း၊ ယခင်က ငှက်ပျောပင်အနည်းငယ်သာ စိုက်ပျိုးထားသော်လည်း စိုက်ပျိုးပြီး အထူးဂရုစိုက်စရာမလိုဘဲ ငှက်ပျောလက်များ လှီးဖြတ်ပေးရခြင်း၊ ငှက်ပျောခိုင်ခုတ်၍ ရောင်းချရခြင်းနှင့် အရင်းအနှီးနည်းနည်းဖြင့် စိုက်ပျိုးစရိတ် ကုန်ကျမှုသက်သာသောကြောင့် ယခုနှစ်တွင် ငှက်ပျောပင်များကို အပင်(၂၅၀) ခန့် စိုက်ပျိုးထားကြောင်း၊ တစ်ပိုင်တစ်နိုင် ငှက်ပျောစိုက်ပျိုးသည့် ဒေသနေပြည်သူတစ်ဦးထံမှ သိရသည်။
ရှမ်းရွာသစ်မြို့တွင် မြို့ပေါ်(၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၉)အုပ်စုရှိပြီး ဒေသနေပြည်သူအများစု၏ နေအိမ်ခြံဝင်းတွင် တစ်ပိုင်တစ်နိုင် ဝဥစိုက်ပျိုးခြင်း၊ ငှက်ပျောပင်စိုက်ပျိုးခြင်း၊ နှစ်ရှည်ပင်သီးနှံဖြစ်သော တညင်းပင်စိုက်ပျိုးခြင်း၊ ဒူးရင်းသီးပင်များစိုက်ပျိုးခြင်းကို တောင်ယာလုပ်ငန်း၊ လယ်ယာလုပ်ငန်းများနှင့်တွဲဖက်ကာ လုပ်ကိုင်ခြင်းကြောင့် ဒေသနေပြည်သူများ အပိုဝင်ငွေရရှိပြီး မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)