မိုင်းပျဉ်းမြို့ အထကကျောင်း၌ နှစ်ပတ်လည်အစည်းအဝေးနှင့် ပညာရည်ချွန်ဆုပေးပွဲ ကျင်းပ

မိုင်းပျဉ်း ဇူလိုင် ၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၊ အထကကျောင်း၏ ၂၀၂၂−၂၀၂၃ ပညာသင်နှစ်အတွက် မိဘဆရာနှစ်ပတ်လည် အစည်းအဝေးနှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို အဆိုပါကျောင်းနဝဒေးခန်းမ၌ ယနေ့နံနက်(၉)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

မိဘဆရာနှစ်ပတ်လည် အစည်းအဝေးနှင့် ပညာရည်ချွန်ဆုပေးပွဲတွင် အခမ်းအနားကို ကျောင်းသား၊ ကျောင်းသူများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးပြီး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဝင်းနှင့် မြို့နယ်ပညာရေးမှူး ဒေါ်နန်းဟွမ်နွမ်းတို့က အမှာစကားများပြောကြားကြပါသည်။ ဆက်လက်၍ အထက ကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာခိုင်မှ A အဆင့်ဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဆုပေးရခြင်း၏ ရည်ရွယ်ချက်၊ ကျောင်းဖွံ့ဖြိုးတိုးတက်မှုနှင့် ရှေ့လုပ်ငန်းစဉ် ဆောင်ရွက် မည့်အချက်များအား ရှင်းလင်းတင်ပြကာ ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို တာဝန်ရှိသူ အသီးသီးက ဆုများချီးမြှင့်ပေးကြပါသည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များက အကပဒေသာဖြင့် တင်ဆက်ကြပြီး၊ အလှူရှင်များကို ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ကာ အခမ်းအနား ပထမပိုင်း အစီအစဉ်ကိုခေတ္တရပ်နားပါသည်။ အခမ်းအနား ဒုတိယပိုင်းတွင် ကျောင်းသားမိဘများ၊ မိဘဆရာအသင်း အလုပ်အမှုဆောင်ကော်မတီရွေးချယ်ခြင်းကို ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။

အဆိုပါ ၂၀၂၂−၂၀၂၃ ပညာသင်နှစ်အတွက် မိဘဆရာနှစ်ပတ်လည် အစည်းအဝေးနှင့် ပညာရည်ချွန် ဆုပေးပွဲအခမ်းအနားသို့ တပ်နယ်မှူးဒုတိယဗိုလ်မှူးကြီး စောဝင်းနိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးစိုင်းထွန်းစိန်၊ မြို့နယ်ပညာရေးမှူးနှင့် ပညာရေးဌာနမှတာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများ စုစုပေါင်း အင်အား(၂၀၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း ပညာရေးဌာနမှ သတင်းရရှိပါသည်။

နန်းသန္တာဦး(ပြန်ဆက်)