မိတ္ထီလာ ဇူလိုင် ၅
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာစီးပွားရေးတက္ကသိုလ်၌ ကြက်ခြေနီရှေးဦးပြုစုခြင်း အခြေခံသင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ ၅ နာရီအချိန်က အဆိုပါ တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပကြောင်း သိရသည်။
ရှေးဦးစွာ အဆိုပါအခမ်းအနားတွင် မိတ္ထီလာစီးပွားရေးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာထွန်းအောင်နှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်ဦးကျော်ဇေယျတို့က အမှာစကား ပြောကြားသည်။ ဆက်လက်၍ ကြက်ခြေနီရှေးဦးပြုစုခြင်း အခြေခံသင်တန်းတွင် ထူးချွန်ဆုရရှိခဲ့သော သင်တန်းသား၊ သင်တန်းသူများအား ပါမောက္ခချုပ်နှင့်တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။ ထိုနောက် သင်တန်းအဖွဲ့ခေါင်းဆောင်ထံသို့ သင်တန်းသား၊ သင်တန်းသူများ၏ သင်တန်းဆင်းလက်မှတ်များကို တာဝန်ရှိသူတစ်ဦးက ပေးအပ်ချီးမြှင့်သည်။ ဆက်လက်၍ ခရိုင်ကြက်ခြေနီသင်တန်းပို့ချပေးခဲ့သည့် ခရိုင်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးနေဦးထံသို့ သင်တန်းနည်းပြများအတွက် ဂုဏ်ပြုလက်မှတ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို စီးပွားရေးတက္ကသိုလ် ကြက်ခြေနီဆပ်ကော်မတီဥက္ကဋ္ဌ ဒေါက်တာစီစီဖြိုးက ပေးအပ်သည်။ အဆိုပါ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဇော်ဇော်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်အောင်လေးနှင့်တာဝန်ရှိသူများ၊ ဆရာဆရာမများ၊ သင်တန်းသား၊ သင်တန်းသူ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။ အဆိုပါ ကြက်ခြေနီရှေးဦးပြုစုခြင်း အခြေခံသင်တန်းကို ဇူလိုင်လ ၂ ရက် နေ့မှ ၄ ရက်နေ့အထိ ဖွင့်လှစ်ပို့ချခဲ့ပြီး သင်တန်းသား၊ သင်တန်းသူ ၂ဝဝ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ချမ်းသာ