သံဖြူဇရပ် ဇူလိုင် ၅
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့နှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ဝါကရူကျေးရွာရှိ ကံကောင်းခြင်းရတနာသစ်ပါးလွှာ အထပ်သားစက်ရုံ၌ ပြုလုပ်သည်။
ဟောပြောပွဲတွင် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးစိုးမင်းက သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းစဉ်ဖြစ်သည့် အပတ်စဉ်ရေစည်ရေအိုးများအား ဖုန်း၊ သွန်၊လဲ၊ စစ် လုပ်ငန်းများ ပြုလုပ်ပေးခြင်းကို မိမိအိမ်နှင့်အိမ်ပတ်ဝန်းကျင်တို့၌ ပြုလုပ်ကြစေရေး၊ ခြင်မပေါက်ပွားစေရေးအတွက် ရေစည်ရေအိုးများကို အဘိတ်ဆေးထည့်ပေးခြင်းနှင့် သွေးလွန်တုပ်ကွေးရောဂါသည် ကလေးငယ်များတွင် ပိုမိုအဖြစ်များသဖြင့် ဖြစ်ပေါ်လာပါက ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသကြစေရေး ပြောကြားသည်။
ဆက်လက်၍ အသိပညာပေးဟောပြောပွဲသို့ တက်ရောက်လာကြသည့် စက်ရုံမှတာဝန်ခံ ဦးကျော်မျိုးဟန်နှင့် စက်ရုံဝန်ထမ်း၊ အလုပ်သမား (၁၅၀)ဦးတို့အား မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်တို့မှ အဘိတ်ဆေးနှင့် သွေးလွန်တုပ်ကွေးရောဂါ အသိပညာပေးနံရံကပ်စာစောင်ကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အေးအေးသီ(ပြန်/ဆက်)