မိုးနဲ ဇူလိုင် ၅
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ် အခြေခံပညာအထက်တန်းကျောင်း ပုလဲဆောင်ခန်းမနေရာ၌ ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်က အသက် ၅ နှစ်မှ အသက် ၁၂ နှစ်အတွင်းရှိ Grade 1 မှ Grade 5 အဆင့် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကင်းဝေးစေရေးအတွက် ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ Grade 1 မှ Grade 5 အဆင့်ရှိ ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဒုတိယအကြိမ်ထိုးနှံပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်ပညာရေးဌာနမှ ဆရာ/ဆရာမများနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ ပူးပေါင်းကာ ကျောင်းသား/ကျောင်းသူ ၂၅၅ ဦး စာရင်းပေးသွင်းထားသည့်အနက် လာရောက်ထိုးနှံသည့် ၂၄၅ ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံသည့်နေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ မြို့နယ်ပညာရေးမှူး ဒေါ်ခင်မိုးဆွေနှင့် ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းသန်းသန်းဌေးတို့မှ လာရောက်ကြီးကြပ်ပေးခဲ့ကြောင်း သိရသည်။
ဇင်ကိုကို (ပြန်/ဆက်)