ရန်ကင်းမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ(၃၁၄)ဦးအား ဒုတိယအကြိမ်ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ စတင်ထိုးနှံပေး

ရန်ကင်း ဇူလိုင် ၅

“ကျောင်းနေအရွယ်ကလေးတိုင်းကျန်းမာပျော်ရွှင်စွာပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးကြပါစို့” ဆိုသည့်ဆောင်ပုဒ်အတိုင်း ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်အတွင်းရှိ အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ အခြေခံပညာအဆင့် ကျောင်းသား/သူများအား ပညာသင်ယူခွင့် အခွင့်အလမ်းများရရှိလာစေရန်၊ အတူနေမိသားစုနှင့် ပတ်ဝန်းကျင်သို့ ရောဂါကူးစက်ပြန့်ပွားမှုကို တားဆီးရန်နှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးလွှမ်းခြုံမှု အလျင်အမြန်ရရှိစေရန်ရည်ရွယ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် မြို့နယ်ပညာရေးဌာနနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်းပြီး ယနေ့နံနက်ပိုင်းအချိန်က ရန်ကင်းမြို့နယ်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ မြို့နယ်အတွင်းရှိ အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ အခြေခံပညာအဆင့် ကျောင်းသား/သူ(၃၁၄)ဦးအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဒုတိယအကြိမ်အဖြစ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို စတင်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ရန်ကင်းမြို့နယ်အတွင်းရှိ အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ အခြေခံပညာအဆင့် ကျောင်းသား/ သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးရာတွင် လူစုလူဝေးမဖြစ်ပေါ်စေရေးနှင့် လာရောက်ထိုးနှံကြသည့် ကျောင်းသား/သူများအနေဖြင့် အဆင်ပြေချောမွေ့စွာ ထိုးနှံနိုင်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးဌာနမှတာဝန်ရှိသူများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီအသင်းဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ မိဘဆရာအသင်းဝင်များ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ရပ်မိရပ်ဖများ၊ လူမှုကူညီရေးအသင်းဝင်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ လက်ကိုစနစ်တကျဆေးကြောစေခြင်းနှင့် တစ်ဦးနှင့်တစ်ဦး(၆)ပေအကွာမှ တန်းစီစောင့်ဆိုင်းစေခြင်းအပါအဝင် လိုအပ်သည်များကို ဝိုင်းဝန်းပူးပေါင်းကူညီ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် မြို့နယ်အတွင်းရှိ  အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ အခြေခံပညာအဆင့်ကျောင်းသား/သူများအား ပထမအကြိမ်ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး  ထိုးနှံပြီးခဲ့ရာ ယနေ့တွင် အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ အခြေခံပညာအဆင့်ကျောင်းသား/သူ(၃၁၄)ဦးအား ဒုတိယအကြိမ်အဖြစ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ စတင်ထပ်မံထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးဌာနမှ သတင်းရရှိသည်။

အိရွှေစင် (ပြန်/ဆက်)