မြစ်ကြီးနားမြို့၌ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်၊ ထူးချွန်အမျိုးသမီးများအား ဂုဏ်ပြုချီးမြှင့်

မြစ်ကြီးနား ဇူလိုင် ၅

ကချင်ပြည်နယ် အမျိုးသမီးကော်မတီကကြီးမှူး၍ ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၃ ရက်နေ့တွင် ကျရောက်သည့် မြန်မာအမျိုးသမီးများအနေ့ အထိမ်းအမှတ် အခမ်းအနားနှင့် ထူးချွန်အမျိုးသမီးများအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့မှ ပေါင်းစုညီညာ အမျိုးသမီးရေးရာ သီချင်းဖြင့် သီဆိုဖျော်ဖြေ ဖွင့်လှစ်ပေးသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မိမိတို့ပြည်နယ်အတွင်း မြို့ပြနှင့် ကျေးလက်မကျန် အရပ်ဒေသအသီးသီးမှာ နေထိုင်ကြသည့် အမျိုးသမီးများအားလုံး နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေး၊ တန်းတူညီမျှအခွင့်အရေး ရရှိရေးတို့အတွက် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများကို နိုင်ငံတော်၏ မူဝါဒ၊ လမ်းညွှန်ချက်များနှင့်အညီ သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းဆောင်ရွက် သွားကြရန်နှင့် ဂုဏ်ကျက်သရေရှိသော၊ မှန်ကန်သော ဆုံးဖြတ်ချက်များ ချနိုင်စွမ်းသော၊ စွမ်းဆောင်ရည်မြင့်မားသော၊ အမှီအခိုကင်းစွာ၊ ယုံကြည်ချက်ခိုင်မာစွာ ရပ်တည်နိုင်ပြီး ကမ္ဘာ့နိုင်ငံများအလယ် ဂုဏ်ကျက်သရေရှိသော မြန်မာအမျိုးသမီးများအဖြစ် ဝင့်ထည်စွာရပ် တည်နိုင်ပါစေကြောင်း ပြောကြားသည်။

ယင်းနောက် ၂၀၂၂ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ကိုယ်ကာယကြံ့ခိုင်မှု အေရိုးဗစ်ပြိုင်ပွဲတွင် တံခွန်စိုက်ဆုရရှိခဲ့သော ပြည်နယ်လက်ရွေးစင် အေရိုးဗစ်အဖွဲ့က ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး ဒေါ်နန်ဆိုင်းတို့က ၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘောလီဘောပြိုင်ပွဲတွင် တံခွန်စိုက်ဒိုင်းဆုရ ပြည်နယ်လက်ရွေးစင် အမျိုးသမီး ဘောလီဘောအသင်းအတွက် ချီးမြှင့်ငွေ ကျပ် ၁၀ သိန်းကို ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့်ဇနီး၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ တပ်မတော်အရာရှိကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ တာဝန်ရှိသူများက မြန်မာအမျိုးသမီးများအနေ့ အထိမ်းအမှတ် တက္ကသိုလ်ဝင်တန်းတွင် ဂုဏ်ထူး ၅ ဘာသာနှင့် ဂုဏ်ထူး ၄ ဘာသာရ ကျောင်းသူများ၊ (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ကြေးတံဆိပ်ဆုရရှိသူများနှင့် တိုင်းဒေသကြီး/ပြည်နယ် အသင်းလိုက်နှင့် တစ်ဦးချင်းပြိုင်ပွဲများတွင် ရွှေ၊ ငွေ၊ ကြေးတံဆိပ်များ ဆွတ်ခူးရရှိခဲ့သည့် အမျိုးသမီး အားကစားသမားများ၊ ထူးချွန်ကြက်ခြေနီ၊ ထူးချွန်မီးသတ်၊ အကြိမ်ရေအများဆုံး သွေးလှူရှင်နှင့် ရိုးရာဝတ်စုံချုပ်ပြိုင်ပွဲဆုရ ထူးချွန်အမျိုးသမီးများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် ပြည်နယ်လက်ရွေးစင် အေရိုးဗစ်အသင်းက ရွှေတံဆိပ်ဆု ဆွတ်ခူးရရှိခဲ့သည့် အဖွဲ့လိုက်ကစားနည်းဖြင့် သရုပ်ပြကစားပြသခဲ့ကြပြီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့က အင်အားသစ်များနှင့်အတူ သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် ပြသထားသည့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၏ လှုပ်ရှားမှုမှတ်တမ်းဓာတ်ပုံများနှင့် အမျိုးသမီး အိမ်တွင်းမှုကျောင်းမှ ထုတ်ကုန်ပစ္စည်းများ ခင်းကျင်းပြသထားရှိမှုကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရှိရသည်။

ပြည်နယ်(ပြန်/ဆက်)