မိုင်းဆတ် ဇူလိုင် ၅
ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့၊ အ.ထ.က မိုင်းဆတ်စာသင်ခန်းတွင် ယမန်နေ့နက်(၉)နာရီခွဲအချိန်က လူကုန်ကူးမှုကာကွယ်တားဆီးရေးနှင့် မူးယစ်ဆေးဝါး ဆိုင်ရာ အသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် ခရိုင်လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့မှ ဒုရဲမှူးလှဘုန်းက လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးအကြောင်းဖြင့်လည်းကောင်း၊ ခရိုင်ဥပဒေအရာရှိဦးသန့်ဇင်မှ သက်ငယ်မုဒိမ်းအကြောင်း၊ ခရိုင်တရားသူကြီးဦးသက်ထွန်းမှက လေးသူငယ်အခွင့်အရေးဆိုင်ရာအကြောင်း၊ မြို့နယ်ဥပဒေအရာရှိ ဦးထက်ပိုင်လင်းက မူးယစ်ဆေးဝါး၏ ဆိုးကျိုးများအကြောင်းတို့ဖြင့် အသီးသီးအလှည့်ကျ ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန်နှင့် ရှောင်ရန်ဆောင်ရန်များအတွက် ရည်ရွယ်ကာ အကျယ်တစ်ဝန်း ဟောပြောပေးခဲ့ကြောင်း သိရသည်။
အဆိုပါလူကုန်ကူးမှုကာကွယ်တားဆီး ရေးနှင့်မူးယစ်ဆေးဝါးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ခရိုင်ဥပဒေမှကြီးမူ၍၊ လူကုန်ကူးမှုတာဆီးနှိမ်နှင်းရေးအဖွဲ့၊ တရား၊ ပညာရေးတို့ပူးပေါင်းဆောင်ရွက်ခဲ့ရာ ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၁၂၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
စန်းစန်းယဉ်(မိုင်းဆတ်၊ပြန်/ဆက်)