တာမွေ ဇူလိုင် ၄
“ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးကြပါစို့” ဆိုသည့် ဆောင်ပုဒ်အတိုင်း ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ အခြေခံပညာအဆင့် ကျောင်းသား/သူများအား ပညာသင်ယူခွင့် အခွင့်အလမ်းများ ရရှိလာစေရန်၊ အတူနေ မိသားစုနှင့် ပတ်ဝန်းကျင်သို့ ရောဂါကူးစက်ပြန့်ပွားမှုကို တားဆီးရန်နှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးလွှမ်းခြုံမှု အလျင်အမြန်ရရှိစေရန် ရည်ရွယ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပညာရေးဌာနနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်း အချိန်က တာမွေမြို့နယ်ရှိ အမှတ်(၁၅)အခြေခံပညာမူလတန်းကျောင်းနှင့် တာမွေမြို့နယ်ရှိ အမှတ် (၃၄)အခြေခံပညာ မူလတန်းကျောင်းတို့တွင် မြို့နယ်အတွင်းရှိ အသက်(၅)နှစ်မှ အသက်(၁၂)နှစ် အထိ အခြေခံပညာအဆင့် ကျောင်းသား/သူ (၂၆၅)ဦးအား (ဒုတိယအကြိမ်)အဖြစ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ တာမွေမြို့နယ်အတွင်းရှိ အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ အခြေခံပညာအဆင့် ကျောင်းသား/သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးရာတွင် လူစုလူဝေး မဖြစ်ပေါ်စေရေးနှင့် လာရောက်ထိုးနှံကြသည့် ကျောင်းသား/သူများအနေဖြင့် အဆင်ပြေချောမွေ့စွာ ထိုးနှံနိုင်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိ သူများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ် ကြက်ခြေနီ အသင်းဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များ၊ မိဘဆရာအသင်းဝင်များ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ရပ်မိရပ်ဖများ၊ လူမှုကူညီရေး အသင်းဝင်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ လက်ကိုစနစ်တကျ ဆေးကြောစေခြင်း နှင့် တစ်ဦးနှင့်တစ်ဦး(၆)ပေအကွာမှ တန်းစီစောင့်ဆိုင်းစေခြင်း အပါအဝင် လိုအပ်သည်များကို ဝိုင်းဝန်းပူးပေါင်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်တွင် မြို့နယ်အတွင်းရှိ အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ အခြေခံပညာအဆင့် ကျောင်းသား/သူ (၃၅၈၄)ဦးအား (ပထမအကြိမ်)အဖြစ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးနိုင်ခဲ့ပြီး ယနေ့တွင် အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(ပထမအကြိမ်) ထိုးနှံပြီးသည့် အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ အခြေခံပညာအဆင့် ကျောင်းသား/သူ(၂၆၅)ဦးအား (ဒုတိယအကြိမ်) အဖြစ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထပ်မံထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးဌာနမှ သတင်းရရှိပါ သည်။
နိုင်လင်းအောင်