လှည်းကူး ဇူလိုင် ၄
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် အသေးစားစီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်စေရန်နှင့် မိသားစုဝင်ငွေတိုးပွားလာစေရန်ရည်ရွယ်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းပြီ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆပ်ပြာပြုလုပ်နည်းသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီ က လှည်းကူးမြို့နယ်၊ တောင်တလုတ်ရေကျော်ကျေးရွာတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြောက်ပိုင်းခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီမှူး ဦးဘသိန်း က သင်တန်းဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ဦးစီးမှူး ဒေါ်သန္တာစိုးက သင်တန်းဖွင့်လှစ်သင်ကြားပေးရခြင်း၏ ရည်ရွယ်ချက်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနောက် မြောက်ပိုင်းခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သင်တန်းနည်းပြ လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲဇော်ထွန်း က သင်ကြားမည့်ဘာသာရပ်များနှင့် ပတ်သက်၍ အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းတွင် လူသုံးကုန်ပစ္စည်းဖြစ်သည့် ဆပ်ပြာပြုလုပ်နည်းအဆင့်ဆင့်ကို စာတွေ့၊လက်တွေ့များဖြင့် ကိုယ်တိုင်ထုတ်လုပ်နိုင်သည်အထိ သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းတွင် တောင်တလုတ်ရေကျော်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ သင်တန်းသားသင်တန်းသူ (၁၅)ဦး တက်ရောက်ပြီး သင်တန်းကာလမှာ ဇူလိုင်လ (၄)ရက်မှ (၈)ရက် နေ့အထိ (၅)ရက်ကြာ သင်ကြားပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က သိရသည်။
အေးအေးနွဲ့(ပြန်/ဆက်)