မြောက်ဥက္ကလာပ ဇူလိုင် ၄
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် အမှတ်(၄၂) အခြေခံပညာ မူလတန်းကျောင်းနှင့် ကျောင်းတွင်းပညာသင်ကြားနေသော ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက် (၉)နာရီ က အဆိုပါကျောင်း၌ ကွင်းဆင်းထိုးနှံပေးခဲ့ ကြောင်း သိရသည်။
မြောက်ဥက္ကလာပမြို့နယ်၌ ကျောင်းအခြေပြု အသက်(၅)နှစ်မှ(၁၂)နှစ်ရှိ ကျောင်းသား/သူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်ကျန်းမာရေးဝန်ထမ်းများ ဆရာ၊ဆရာမများနှင့် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်သောပူးပေါင်းအဖွဲ့တို့က အမှတ်(၄၂)အခြေခံပညာမူလတန်းကျောင်းရှိ ကျောင်းသား/သူ (၃၂၄)ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများအား အဆိုပါကျောင်း၌ ကွင်းဆင်းထိုးနှံပေးခဲ့သည်။
မြောက်ဥက္ကလာပမြို့နယ်အနေဖြင့် အထက်တန်းကျောင်း(၈) ကျောင်း၊ အထက်တန်း ကျောင်းခွဲ(၇) ကျောင်းအခြေခံပညာမူလတန်းကျောင်း (၄၀)ကျောင်း၊ အလယ်တန်း (၈) ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (၁၁)ကျောင်း၊ ပုဂ္ဂလိကပညာရေးကျောင်း (၁၀) ကျောင်းရှိ စုစုပေါင်းကျောင်းပေါင်း (၈၄)ကျောင်းရှိ အသက်(၅)နှစ်မှ (၁၂) နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများနှင့် အသက် (၁၂) နှစ်မှ (၁၈)နှစ်အတွင်းရှိ ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသည့် ကျောင်းသား၊ကျောင်းသူများအား ဆက်လက်ထိုးနှံဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
လှလှထွေး(ပြန်/ဆက်)