မောင်တော ဇူလိုင် ၄
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူး၍ မြို့နယ်အတွင်းရှိ သံဃာတော်များအား ဝါဆိုသင်္ကန်းဆက်ကပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နေ့လယ် ၁ နာရီအချိန် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဦးက အဖွင့်အမှာစကား ပြောကြားရာတွင် မြို့နယ်အတွင်းရှိ ထေရ်ကြီးဝါကြီး ဆရာတော်များ၊ သံဃာတော်များအား ဝါဆိုသင်္ကန်း ဆက်ကပ်နိုင်ရေးအတွက် ဆောင်ရွက်နေသည့်ကိစ္စရပ်များ၊ လုပ်ငန်းတာဝန်များကို သက်ဆိုင်ရာ ဌာနများက ဆွေးနွေးတင်ပြကြရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ ခရိုင်သာသနာရေးဦးစီးဌာန၊ ခရိုင်သာသနာ့ရေးမှူး ဦးကျော်ဇင်ဦး ၂၀၂၂ ခုနှစ် ၊ ဇူလိုင်လ ၁၂ ရက်၊ ဝါဆို လပြည့်နေ့တွင် သာသနာ့ဗိမ္မာန်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်နိုင်ရေး စည်းကမ်းချက်များနှင့်အညီ မြို့နယ်အတွင်းရှိ သံဃာတော်များအား ဝါဆိုသင်္ကန်း ဆက်ကပ်နိုင်ရေးအတွက် ယခုလက်ရှိ ဆောင် ရွက်နေသည့် အခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များအား ဆွေးနွေးတင်ပြခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံထွန်းအောင်က အလှူငွေရရှိနိုင်မည့် အခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသော ဌာနဆိုင်ရာများ တာဝန်ရှိသူများက အသီးသီး ဆွေးနွေးတင်ပြကြရာ တင်ပြချက်များအပေါ် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌမှ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
သက်လွင်စိုး(ခရိုင် ပြန်/ဆက်)