မတ္တရာ ဇူလိုင် ၄
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်မှ အစားအစာဘေးကင်းလုံခြုံရေးစီမံကိန်း (Food Safety Project) မှ တောင်သူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဉ်ဖြင့် သဘာဝဇီဝမြေဩဇာများ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက် ၁ဝ နာရီက မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြတ်သီတာမှ စီမံကိန်းဝင်ကျေးရွာများမှ ဟင်းသီးဟင်းရွက် စိုက်တောင်သူများအား သဘာဝမြေဩဇာများ ပေးအပ်ရခြင်း၊ တောင်သူများအနေဖြင့် မိမိကျန်းမာရေး၊ မိသာစုကျန်းမာရေးနှင့် စားသုံးသူပြည်သူများ ကျန်းမာရေး ဘေးကင်းလုံခြုံရေးအတွက် သဘာဝဇီဝမြေဩဇာများနှင့် သဘာဝပိုးသတ်ဆေးများကိုသာ အသုံးပြုကြဖို့ လိုအပ်ပါကြောင်းဖြင့် ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးနှင့် တက်ရောက်လာသော ဌာနဆိုင်ရာတာဝန်ရှိသူများမှ သဘာဝဇီဝမြေဩဇာအိတ်များကိုပေးအပ်ရာ စီမံကိန်းဝင်ကျေးရွာများမှ တောင်သူများမှ လက်ခံရယူ ခဲ့ကြသည်။
အဆိုပါ အစားအစာဘေးကင်းလုံခြုံရေးစီမံကိန်း (Food Safety Project) ကျေးရွာများဖြစ်သည့် တမာကုန်း၊ ကံဖြူ၊ သပြေပင်ကုန်း၊ သမင်တွင်း၊ ကျောင်းကုန်း၊ ဇီးဖြူကုန်း၊ ပန်းယျနှင့် ထန်းပင် ကုန်းကျေးရွာမှာ တိုင်တောင်ပဲ၊ ခရမ်းချဉ်နှင့် ဟင်းသီးဟင်းရွက် မျိုးကွဲစိုက်တောင်သူများအား တစ်အိတ်လျှင် 25kg အလေးချိန်ရှိ သဘာဝဇီဝမြေဩဇာ ၄၂ဝ အိတ်ကို စိုက်ဧကအလိုက် ခွဲဝေပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
စိုးကျော်သူထွေး (မတ္တရာ)