မက်မန်း ဇူလိုင် ၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့က မက်မန်းမြို့ အမှတ်(၁)ရပ်ကွက်မြို့ပတ်လမ်းစိုက်ဧကတွင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပွဲကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်သောင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းလင်းအောင်၊ ခရိုင်အမျိုးသမီးရေးရာ ဥက္ကဋ္ဌ ဒေါ်ညိုနှင့် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သစ်တောဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးကျော်မိုးက မယ်စလီ၊ ချယ်ရီ၊ မန်ကျန်ရှားစသည့် ပျိုးပင်းပေါင်း(၁၁၀)ပင်တို့ကိုပေးအပ်ခဲ့ပြီး မြန်မာအမျိုးသမီးများနေ့ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်အား စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။
အဆိုပါ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို သစ်တောသစ်ပင်များ၊ သစ်တောဂေဟစနစ်များစဉ်ဆက်မပျက်တည်တံ့ရေး၊ သစ်တောသစ်ပင်များ စိုက်ပျိုးခြင်းကြောင့် ဒေသစိမ်းလန်းစိုပြေရေးကို အထောက်အကူပြုပြီး ရာသီဥတုကောင်းမွန်ရေးကို တစ်ဖက်တစ်လမ်းမှ ကာကွယ်ပေးနိုင်ရေးကို ရည်ရွယ်၍စိုက်ပျိုးခဲ့ကြောင်း သိရသည်။