မိတ္ထီလာ ဇူလိုင် ၄
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆီလုပ်ငန်းရှင်များအသင်းမှ ရည်ညွှန်းဈေးနှုန်းဖြင့် ခွဲတမ်းရရှိသော စားအုန်းဆီများကို မိတ္ထီလာမြို့ရှိ စားသုံးဆီအရောင်းဆိုင် ၁၃ ဆိုင်တွင် ယနေ့နံနက်ပိုင်းက လူတစ်ဦးလျှင် စားသုံးဆီ ၁ ပိဿာ ၆၂ဝဝ ကျပ်ဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံဆီလုပ်ငန်းရှင်များအသင်းကနေ ရည်ညွှန်းဈေးနှုန်းနဲ့ စားသုံးသူပြည်သူတွေကို ရောင်းချပေးဖို့ ခွင့်ပြုပေးတဲ့ စားအုန်းဆီခွဲတမ်းရတဲ့အပေါ်မူတည်ပြီး လူတစ်ဦးကို စားအုန်းဆီ ၁ ပိဿာကို ၆၂ဝဝ ကျပ်နှုန်းနဲ့ ရောင်းချပေးတာဖြစ်ပါတယ်။ ဒီနေ့ ရည်ညွှန်း ဈေးနှုန်းနဲ့ရောင်းချပေးတဲ့ စားသုံးဆီအရောင်းဆိုင်တွေကတော့ ရွှေပြည်စိုး၊ ဝါဝါဖူး၊ သိဒ္ဓိအောင်၊ စန်းသီရိ၊ ကျားမင်း၊ ရွှေပြည်၊ ဦးအောင်ညွှန့် ငှက်ပျောတန်းဆီဆိုင်၊ ရွှေနဂါး၊ အောင်ပြည့်မိုး၊ ငွေဟင်္သာ၊ ဧရာဝတီ၊ အောင်ပြည့်စုံနဲ့ ကိုအောင်ကျော်စိုး ဈေးအတွင်း ဆီဆိုင်စုစုပေါင်း ၁၃ ဆိုင်ဖြစ်ပါတယ်ဟု စားသုံးဆီ ဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။
စားသုံးဆီအမျိုးအစားနဲ့ ထုတ်လုပ်ရောင်းချတဲ့ တံဆိပ်အမှတ်အပေါ်မူတည်ပြီး စားသုံးဆီ ၁ ပိဿာကို ၇ဝဝဝ ကျပ်၊ ၈၅ဝဝ ကျပ်ကနေ ၉ဝဝဝ ကျပ်အထိ ဝယ်ယူစားသုံးနေရတယ်။ အခုလို ရည်ညွှန်းဈေးနှုန်းနဲ့ရောင်းချပေးတာမျိုး လစဉ်လိုမျိုး စီစဉ်ရောင်းချပေးနေတော့ ကျွန်မတို့အိမ်ရှင်မတွေအနေနဲ့ စားဖိုချောင်အသုံးစရိတ် တော်တော်သက်သာတာမို့ ကျေးဇူးတင်ပါတယ်ဟု စားအုန်းဆီ ၁ ပိဿာ ၆၂ဝဝ ကျပ်ဖြင့် ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချပေးမှုအပေါ် စားသုံးသူဒေသခံတစ်ဦးက ပြောသည်။
မိတ္ထီလာမြို့တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆီလုပ်ငန်းရှင်းများအသင်းမှ ရည်ညွှန်းဈေးနှုန်းဖြင့် လစဉ်အလိုက် စားအုန်းဆီခွဲတမ်းရရှိသော စားသုံးဆီအရောင်းဆိုင်များတွင် ဒေသခံစားသုံးသူများအား သတ်မှတ်ရည်ညွှန်းဈေးနှုန်းများအတိုင်း လစဉ်အလိုက် ပြန်လည်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ချမ်းသာ