ရသေ့တောင် ဇူလိုင် ၄
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်အတွင်းရှိ အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ အခြေခံပညာအဆင့် ကျောင်းသား/သူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်းပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ဆေးထိုးစုရပ်နေရာများခွဲကာ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm)ကို ယနေ့နံနက်(၁၀)နာရီအချိန်မှစတင်ကာ ပထမအကြိမ်နှင့် ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ(Sinopharm)အမျိုးအစား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ရေးလမ်းညွှန်ချက်များနှင့်အညီမြို့နယ်ပြည်သူ့ကျန်းမာရေးဝန်းထမ်းများက ထိုးနှံပေးလျက်ရှိသည်။ ဆေးထိုးနှံရန်လာရောက်သူများအား ကိုယ်ပူချိန်တိုင်းတာခြင်းနှင့် ကျန်းမာရေးစစ်ဆေးမှုများဆောင်ရွက်ခဲ့သည်။ ထို့နောက် ဆေးထိုးနှံပြီးသည့်သူများကို မိနစ်(၃၀)ခန့် စောင့်ကြည့်ပြီးမှ ပြန်လည်ထွက်ခွာခွင့်ပြုကြောင်း သိရသည်။
ရသေ့တောင်မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံကြသည့် ကျောင်းသား/သူများ အဆင်ပြေချောမွေ့စွာ ထိုးနှံနိုင်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများ၊ လူမှုကူညီရေးအသင်းဝင်များက ဝိုင်းဝန်းပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ထွန်းလင်းကျော်(ပြန်/ဆက်)