အမ်းမြို့နယ် တပ်တောင်မြို့၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသားကျောင်းသူ(၇၁) ဦးအား ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကျင်းပ

အမ်း ဇူလိုင် ၄

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ တပ်တောင်မြို့၌ ၂၀၂၁- ၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် တပ်တောင်မြို့နေ ကျောင်းသားကျောင်းသူများနှင့် အခြားစာစစ်ဌာနများ၌ ဝင်ရောက်ဖြေဆိုသည့် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသားကျောင်းသူ(၇၁)ဦးတို့အား ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့ နေ့လည်အချိန်က တပ်တောင်မြို့ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားတွင် တပ်တောင်မြို့ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်သန်းမှ အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ ထူးချွန်စွာအောင်မြင်ခဲ့သည့် (၆)ဘာသာ ဂုဏ်ထူးရှင်(၁)ဦးအပါအဝင်၊ (၄) ဘာသာ(၇) ဦး၊ (၃)ဘာသာ ( ၅)ဦး၊ (၂) ဘာသာ(၆) ဦး၊ (၁) ဘာသာ(၅၁) ဦးစုစုပေါင်း ဂုဏ်ထူးဖြင့်အောင်မြင်သည့် ကျောင်းသား/သူ (၇၁)ဦးတို့အား တပ်တောင်မြို့အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိ/ မြို့ဖများနှင့် စေတနာရှင်အလှူ ရှင်များစုပေါင်း၍ ပညာရည်ချွန်ဆုများ ချီးမြှင့်ခဲ့ကြသည်။ ဆုပေးပွဲအခမ်းအနားသို့ ဂုဏ်ထူးရကျောင်းသား/သူများ၊ သက်ဆိုင်ရာမြို့အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်​ရေးမှူးများ၊ မြို့မိ/ မြို့ဖများ၊ စေတနာရှင်အလှူရှင်များ စုစုပေါင်းအင်အား (၂၃၀)ဦးခန့် တက်​ရောက်ခဲ့ကြောင်း သိရှိရသည်။

စိုးမင်းထွန်း

မြို့နယ် ပြန်/ဆက်