ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပမည့် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကျင်းပ

စစ်တွေ ဇူလိုင် ၄

ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပမည့် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများ၏ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်း က ပြည်နယ်အစိုးရအဖွဲ့ ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ညှိနှိုင်းအစည်းအဝေးတွင် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပရေးဦးစီးကော်မတီနာယက၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းက ရခိုင်ပြည်နယ်အတွင်းရှိ သံဃာဝန်ဆောင် ဆရာတော်များ၊ ဩဝါဒါစရိယဆရာတော်များ၊ ထေရ်ကြီးဝါကြီး ဆရာတော်ကြီး(၂၀)ပါးတို့ကို စစ်တွေမြို့၊ လောကာနန္ဒာစေတီတော်မြတ်ကြီး ပရဝုဏ်အတွင်းရှိ သာသနာ့ဗိမာန်တော်ကြီး၌ ဝါဆိုသင်္ကန်း၊ ဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသွားမည် ဖြစ်ကြောင်း၊ ရဟန်းသံဃာတော်များအနေဖြင့် မိမိတို့ သီတင်းသုံးရာ ကျောင်းတိုက်အတွင်း ဝါတွင်းသုံးလပတ်လုံး ဝါဆိုဝါကပ်ပြီး ပရိယတ်၊ ပဋိပတ်များကို ကြိုးစားအားထုတ်ဆောင်ရွက်ကြမည်ဖြစ်သည့်အတွက် သံဃာတော်များအား သင်္ကန်းနှင့်ဆွမ်းများအတွက် ကြောင့်ကြမှုမရှိစေရေးရည်မှန်းပြီး ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းရခြင်း ဖြစ်ကြောင်း၊ ယခုကဲ့သို့ ကာလဒါနမျိုးသည် ဗုဒ္ဓဘာသာဝင်များအတွက် လုပ်သင့်လုပ်ထိုက်သော မြင့်မြတ်သည့် အလှူဒါနလည်းဖြစ်ပါကြောင်း၊ ထို့ကြောင့်အစည်းအဝေးသို့ တက်ရောက်လာကြသည့် ကော်မတီဝင်များ အနေဖြင့် အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းလိုအပ်ချက်များရှိပါက တင်ပြပေးကြရန်နှင့် ဦးစီးကော်မတီအနေဖြင့်လည်း လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပရေး ဦးစီးကော်မတီတွဲဘက်အတွင်းရေးမှူး၊ ပြည်နယ် အစိုးရအဖွဲ့ညွှန်ကြားရေးမှူး ဦးရဲထွန်းဇော်က ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်း အနားအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ လုပ်ငန်း ကော်မတီအတွင်းရေးမှူးများက မိမိတို့ကော်မတီအလိုက် လုပ်ငန်းလိုအပ်ချက်များနှင့် ဆောင်ရွက်မည့် အခြေအနေများကို ဆွေးနွေးတင်ပြကြရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌများ ဖြစ်ကြသော ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်ဥပဒေချုပ်တို့က ဖြည့်စွက်ဆွေးနွေးတင်ပြကြသည်။ ယင်းနောက် တက်ရောက်လာကြသူများက အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဖြည့်စွက်ဆွေးနွေးကြပြီး ဆွေးနွေးတင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ် က ပေါင်းစပ်ညှိနှိုင်းပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)