ရေး ဇူလိုင် ၄
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းမင်း နှင့် ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥကဋ္ဌ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးစန်းမင်းမှ အဖွင့်အမှာစကားပြောကြားရာ ခရိုင်အရုံးအနေဖြင့် နိုင်ငံတော်၏ အုပ်ချုပ်ရေး၊ လူမှုရေး၊ စီးပွားရေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဖွင့်လှစ်ရခြင်းဖြစ်ပြီး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ခရိုင်အဆင့် ဌာနဆိုင်ရာ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်ပြီး တက်ရောက်လာကြသည့် ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများမှ တစ်ဦးချင်း မိတ်ဆက်ခြင်း၊ မိမိတို့ဌာနနှင့် ပတ်သက်သော လုပ်ငန်းဆောင်ရွက် ချက် အခြေအနေများကို ရှင်းလင်း တင်ပြခဲ့ကြသည်။
ထို့နောက် ခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူး ဦးစန်းမင်းက ဌာနတစ်ခုချင်းစီ၏ လုပ်ငန်းများကို ပြန်လည် ပေါင်းစပ် ဆွေးနွေးပြီး နိုင်ငံတော်၏ မူဝါဒနှင့် ရည်မှန်းချက်တာဝန်များကို ပြည့်မီစွာ ဆောင်ရွက်ကြရန် ပြောကြားခဲ့ကြောင်း သိရသည်။
ရေး (ပြန်/ဆက်)