သိန္နီ ဇူလိုင် ၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့တွင် (၁၈)ကြိမ်မြောက် တစ်မြို့နယ်လုံး စုပေါင်းဝါဆို သင်္ကန်းကပ်လှူပွဲကို သိန္နီမြို့ ရွှေဘုန်းပွင့်စေတီတော်မြတ် ဓမ္မာရုံတော်တွင် ယမန်နေ့က ဆောင်ရွက်ခဲ့သည်။
အခမ်းအနားကို နမောတဿ(၃)ကြိမ်ရွတ်ဆိုပူဇော်၍ ဖွင့်လှစ်ခဲ့သည်။ ထို့နောက် သိန္နီမြို့ ၊ အမှတ်(၁၆) တပ်မဟာမှူး ဗိုလ်မှူးချုပ် အေးမင်းဦးနှင့် ဇနီး၊ အရာရှိစစ်သည်နှင့် ဇနီးများ၊ သိန္နီမြို့ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေလင်းထွန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အလှူရှင်များ၊ မြို့မိမြို့ဖများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များက ငါးပါးသီလခံယူဆောက်တည်ကြသည်။ ဆက်လက်၍ ပင့်သံဃာကျောင်းများအလိုက် ဝါဆိုသင်္ကန်းများကို တပ်မဟာမှူးနှင့် ဖိတ်ကြားထား သည့် ဧည့်သည်တော်များက ကပ်လှူပူဇော်ကြပြီး ရေစက်သွန်းချ အမျှပေးဝေကြသည်။ သိန္နီမြို့နယ်တွင် တစ်မြို့နယ်လုံး စုပေါင်းဝါဆိုသင်္ကန်းကို (၁၈)ကြိမ် မြောက်ကပ်လှူကြခြင်းဖြစ်ပြီး ဝါဆိုလပြည့်နေ့ တွင်လည်း အလှူရှင်များက မိမိတို့၏ ဆရာဒကာကျောင်းများသို့ သွားရောက်လှူဒါန်းကြမည် ဖြစ်ကြောင်း ရွှေဘုန်းပွင့်စေတီတော်ဂေါပကအဖွဲ့ထံမှ သိရသည်။
စောဥမ္မာ (သိန္နီ)