သီပေါ ဇူလိုင် ၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင်ဇူလိုင်လ(၁)ရက်နေ့မှစတင်၍ ရပ်ကွက်နှင့် ကျေးရွာများရှိ မွေးကင်းစမှ အသက်(၁)နှစ်ခွဲအထိကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေးများထိုးနှံ၊ တိုက်ကျွေးခြင်းကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီကဆက်လက်ထိုးနှံတိုက်ကျွေး ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးရာတွင် မွေးကင်းစမှ အသက်(၁)နှစ်ခွဲအထိ ကလေးငယ်များအား ပေါင်ချိန်ပေးခြင်း၊ အသက်အရွယ်အလိုက် ဘီစီဂျီ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင် အသားဝါဘီ၊ ဂျပန်ဦးနှောက်ရောင်၊ ဦးနှောက်အမှေးရောင်(ငါးမျိုးစပ်ကာကွယ်ဆေး)၊ ပြင်းထန်အဆုတ်ရောင် (ပီစီဗွီ)၊ ပြင်းထန်ဝမ်းပျက် ဝမ်းလျှောရောဂါ(ရိုတာကာကွယ်ဆေး)၊ ဝက်သက် ဂျိုက်သိုးရောဂါကာကွယ်ဆေး (၉)မျိုးကို ထိုးနှံပေးပြီး၊ ပိုလီယိုအကြောသေရောဂါ ကာကွယ်ဆေးကိုလည်း တိုက်ကျွေးခဲ့ကြကြောင်း သိရသည်။
ထို့အပြင် ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးမိခင်များကို ကျန်းမာရေးနှင့်ပတ်သက်သည့် အသိပညာပေးခြင်း၊ ကလေးအာဟာရဖွံ့ဖြိုးရေးအတွက် အသိပညာပေးခြင်းများကို ဆောင်ရွက်ပေး လျက်ရှိကြောင်း မြို့နယ်ကျန်းမာရေးဌာနမှ သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)