ကျောက်ဆည် ဇူလိုင် ၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၉ နာရီခွဲက ဒေသအတွင်းနေကြာမျိုးစေ့ ဖူလုံပိုလျှံစေရေးအတွက်ရည်ရွယ်ပြီး စိုက်ပျိုးထားသည့် မိုးနေကြာမျိုးစေ့ထုတ် တောင်သူများအား ပံ့ပိုးပစ္စည်းထောက်ပံ့ပေးအပ်ပွဲနှင့် နေကြာမျိုးစေ့ထုတ် သင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ပံ့ပိုးပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မျိုးသိန်းက ဆီထွက်သီးနှံစိုက်ပျိုးရာတွင် အထွက်နှုန်းတိုးတက်ရေးသည် မျိုးစေ့မှန်ကန်မှုအပေါ်တွင် အဓိကကြကြောင်း၊ စိုက်ပျိုးသည့်အခါ ရေရရှိရေးနှင့်နည်းပညာသည်လည်းအရေးကြီးသောကြောင့် နေကြာစိုက်တောင်သူများနှင့် စိုက်ပျိုးရေးဝန်ထမ်းများပူးပေါင်း၍ မျိုးမှန်ရရှိရေးအတွက် မျိုးစေ့အရည်အသွေးစစ်ဆေးပြီး မျိုးစေ့ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ နည်းပညာများဖြင့် အတူတကွဆောင်ရွက်သွားကြရန် ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ(တာဝန်ခံ)ဦးစီးမှူး ဦးကနေဒီထွန်းက မျိုးစေ့ထုတ်လုပ်ရာတွင် မျိုးကွဲပယ်ခြင်းသည် အဓိကဖြစ်ကြောင်းနှင့် စိုက်ပျိုးနည်းစနစ်မှန်ကန်စွာဖြင့် တစ်ဧကအပင်ပေါင်း (၂၀၀၀)မှ(၃၀၀၀)အတွင်း စိုက်ပျိုးရန်လိုကြောင်း၊ သွင်းအားစုများစနစ်တကျထည့်သွင်းပြီး ပိုးမွှားကင်းစင်ရန်အတွက် ပိုးသတ်ဆေး မှိုသတ်ဆေးများ လိုအပ်သည့်အချိန်တွင် အချိုးကျသုံးစွဲရန်လိုကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မျိုးသိန်းနှင့် ခရိုင်စိုက်ပျိုးရေးညှိနှိုင်းမှု အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ဦးနှင့် မြို့နယ်စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့ဝင်များက နေကြာမျိုးစေ့ထုတ်လုပ်ရန်အတွက် နေကြာစိုက်ပျိုးထားသည့် ဒွေးလှ၊ မှိုင်းပန်၊ ရှားပင်၊ ကြောင်ပန်းကုန်း၊ ကျီးအိပ်၊ တောင်တော်၊ ကလေးကျေးရွာများမှ တောင်သူများအား မျိုးစေ့ထုတ်နေကြာတစ်ဧက အတွက် ငွေကျပ်(၈၈၇၅၀)ကျပ် တန်းဖိုးရှိ နေကြာမျိုးစေ့၊ ယူရီးယားဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ ရွက်ဖျန်းအားဆေးများ ပံ့ပိုးပေးခဲ့ကြောင်း သိရသည်။
ထို့နောက် မျိုးစေ့ထုတ်နေကြာစိုက်ပျိုးသွားမည့် တောင်သူများအား ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သီးနှံကာကွယ်ရေးတာဝန်ခံ ဦးစီးအရာရှိဒေါ်ရီရီဌေး၊ မြေအသုံးချရေးတာဝန်ခံ ဦးစီးအရာရှိဒေါ်မို့မို့စိုးနှင့် မျိုးစေ့တာဝန်ခံ ဦးစီးအရာရှိ ဦးကနေဒီထွန်းတို့က နေကြာသီးနှံများတွင် ကျရောက်တတ်သော ရောဂါပိုးမွှားနှင့် ကာကွယ်နှိမ်နင်းခြင်းများ၊ မြေဆီလွှာနှင့်မြေဩဇာအကြောင်းများ၊ မျိုးစေ့ထုတ်လုပ်ခြင်းဆိုင်ရာ လုပ်ငန်းအဆင့်ဆင့်ကို ရှင်းလင်းဆွေးနွေးပို့ချခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)