မော်လမြိုင် ဇူလိုင် ၄
၂၀၂၂ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ပြည် နယ်ခန်းမ၌ ကျင်းပ ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းနှင့် ဇနီးဒေါ်စန်းစန်းလွင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းက ၁၉၉၅ခုနှစ်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပီကျင်းမြို့မှာ ကျင်းပ ပြုလုပ်သည့် စတုတ္ထအကြိမ် ကမ္ဘာ့အမျိုးသမီး ညီလာခံမှ စတင်၍ မြန်မာ အမျိုးသမီးများနေ့ ပေါ်ပေါက်လာခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီး ကော်မတီကို ၁၉၉၆ခုနှစ်၊ ဇူလိုင်လ (၃)ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့၍ ယင်းနေ့ကို မြန်မာအမျိုး သမီးများနေ့အဖြစ် သတ်မှတ်ခဲ့ကြောင်း၊ မြန်မာနိုင်ငံ လူဦးရေစာရင်း၏ အမျိုးသမီး ပါဝင်မှုနှုန်း သည် ၅၂ ရာခိုင်နှုန်း ဖြစ်သည်နှင့်အညီ နိုင်ငံတော်၏ နယ်ပယ်စုံ ကဏ္ဍစုံတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍသည် ပိုမို အရေးပါလာသည်ကို သိမြင်ရမှာ ဖြစ်ကြောင်း၊ အမျိုးသမီး ငယ်များအာလုံး အလုပ်အကိုင် အခွင့်အလမ်းက အစ ကဏ္ဍပေါင်းစုံမှာ ကျား/မ မခွဲခြားဘဲ တန်းတူညီမျှစွာ အခွင့်အလမ်း ရရှိနိုင်ရန်နှင့် အမျိုးသမီးများ၏ စွမ်းပကား တိုးမြင့်နိုင်စေ ရန်အတွက် ဆက်စပ်ဝန်ကြီး ဌာနများ၊ မိတ်ဖက် အဖွဲ့အစည်းများနှင့် လက်တွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီ၏ ဦးဆောင်မှုဖြင့် အမျိုးသမီးများ၏ ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအား ကျယ်ပြန့် ထိရောက်စွာ အကောင်အထည် ဖော်နိုင်ရေးအတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီး ကော်မတီနှင့် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့် အမျိုးသမီး ကော်မတီများကို ပြင်ဆင် ဖွဲ့စည်းပြီး မူဝါဒ (၄)ရပ်၊ လုပ်ငန်းတာဝန် (၇)ရပ်ကို ချမှတ် ဆောင်ရွက် လျက်ရှိကြောင်း၊ မြို့ပြနှင့် ကျေးလက် ဒေသမကျန် ဒေသအသီးသီးတွင် နေထိုင်ကြသော အမျိုးသမီးများအားလုံးသည် ဆုံးဖြတ်ချက်များ ချနိုင်သော စွမ်းဆောင်ရည် မြင့်မားသော အမှီအခိုကင်းစွာ ယုံကြည်ချက် ခိုင်မာစွာဖြင့် ရပ်တည်နိုင်သော ကမ္ဘာကြီးကို လှုပ်ကိုင်နိုင်သော လက်များအဖြစ် ကမ္ဘာနိုင်ငံများအလယ် ဂုဏ်ကျက်သရေ ရှိသော မြန်မာ အမျိုးသမီးများ အဖြင့် ဝင့်ထည်စွာ ရပ်တည်နိုင်ကြပါစေကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် Video Clip ပြသခြင်းနှင့် အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်ကျောင်းမှ ပန်းအလှ ပြင်ထိုးနည်း စွမ်းရည်ပြသကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် ရိုးရာပွဲတက် ဝတ်စုံပြိုင်ပွဲသို့ သွားရောက် ယှဉ်ပြိုင်ခဲ့သည့် အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင် ကျောင်းမှ နည်းပြ (၂)ဦးအား ဂုဏ်ပြုဆုငွေနှင့် ဆုတံဆိပ်များ ပေးအပ်ချီးမြှင့်သည်။ ထို့နောက် တက်ရောက်လာသူများက မွန်ပြည်နယ် အမျိုးသမီး အားကစားအဖွဲ့ချုပ်မှ အမျိုးသမီးငယ်လေးများက Zumba Dance (ထာဝရ မြန်မာသီချင်း) ဖြင့် သရုပ်ပြသခြင်းနှင့် ဘဝကို အရှုံး မပေးသော အမျိုးသမီးများ၏ ပုံရိပ် Video Clip ပြသခြင်းအား ကြည့်ရှု အားပေး ခဲ့ကြောင်း သိရသည်။
ခင်စန်းမြင့် ခရိုင်ပြန်/ဆက်