ချမ်းမြသာစည် ဇူလိုင် ၄
ဒေါက်တာခင်မောင်ညို၏ “လူငယ်နှင့်အကောင်းဆုံးသောဘ၀ကို တည်ဆောက်ခြင်း” စာအုပ် စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီက မန္တလေးခရိုင်၊ ချမ်းမြသာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်စိမ်းဝင်းက စာအုပ်စာပေများကို ဖတ်ရှုလေ့လာခြင်းဖြင့် အသိပညာဗဟုသုတများ ရရှိစေရန်၊ စာဖတ်သည့်အလေ့အကျင့်များ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်း ကျင်းပဆောင်ရွက်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး စာအုပ်တွင်ပါဝင်သည့် “မှားမှာကို မကြောက်ပါနှင့်” နှင့် “အောင်မြင်ဖို့ တည်ဆောက်ခြင်းနှင့်အမြင်များ” ခေါင်းစဉ်များကို ဦးဆောင်ဆွေးနွေးခဲ့သည်။
ဆက်လက်ပြီး ဒုတိယဦးစီးမှူး ဒေါ်မြင့်ကေသွယ်ခိုင်နှင့် စာကြည့်တိုက်လက်ထောက် (၃) ဒေါ်ခင်မာဦးက “လူငယ်နှင့်စူးစမ်းလေ့လာမှုများ” ခေါင်းစဉ်နှင့် “တာ၀န်နှင့်လိပ်ပြာသန့်မှု” ခေါင်းစဉ်များကိုလည်းကောင်း၊ စာပေဝါသနာရှင် ဒေါ်ဝင့်ဝါထွေးနှင့် ဒေါ်ဇင်ဝေထွန်းတို့က “အလှအပဆိုတာ” ခေါင်းစဉ်နှင့် “အသုံးကျခြင်းနှင့်နှလုံးလှခြင်း” ခေါင်းစဉ်များကို အသီးသီး ဖတ်မှတ်ဆွေးနွေးခဲ့ကြသည်။
ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာပေချစ်မြတ်နိုးသူများနှင့်ပူးပေါင်း၍ အများပြည်သူများဖတ်ရှုလေ့လာသင့်သည့် သုတရသစာအုပ်ကောင်းများကို ရွေးချယ်ကာ စာဖတ်ဝိုင်း၊ စာပေဆွေးနွေးပွဲများကို ကျင်းပဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နှင့် အဆိုပါစာဖတ်ဝိုင်းသို့ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၀န်ထမ်းများ၊ Book Club အဖွဲ့ဝင်များ၊ စာပေဝါသနာရှင် စာဖတ်ပရိသတ်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
ခင်စိမ်းဝင်း(မြို့နယ်၊ ပြန်/ဆက်)