ဆိပ်ကြီးခနောင်တို ဇူလိုင် ၄
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါဆက်လက် ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် ကာကွယ်ဆေးများကို သတ်မှတ်ဦးစားပေးအုပ်စုအလိုက် ဆက်တိုက်ထိုးနှံပေးလျက်ရှိရာ “ကျောင်းနေအရွယ်ကလေးတိုင်းကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးကြပါစို့” ဆောင်ပုဒ်နှင့်အညီ အသက် ၅ နှစ်မှ ၁၂ နှစ်အရွယ် ကျောင်းသား၊ ကျောင်းသူလေးများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီမှစ၍ ဆိပ်ကြီးအရှေ့ ရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာမူလတန်းကျောင်းတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လိုက်လံထိုးနှံပေးလျက်ရှိသည်။
ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်သူနာပြုဆရာမကြီး ဒေါ်ခင်ပပလွင်ဦးဆောင်၍ သူနာပြုဆရာမများနှင့် ကျန်းမာရေးဝန်ထမ်းများက အဆိုပါကျောင်းရှိ အသက် ၅ နှစ်မှ ၁၂ နှစ်အရွယ် ကျောင်းသား၊ ကျောင်းသူလေးများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိပြီး ကာကွယ်ဆေးထိုးနှံပေးရာသို့ ရပ်ကွက် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များနှင့် လူမှုရေးပရဟိတ အဖွဲ့ဝင်များကဝိုင်းဝန်း ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် အခြေခံပညာကျောင်း ၁၇ ကျောင်းရှိရာ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူ အသက် ၅ နှစ်မှ ၁၂ အရွယ် ကျောင်းသား၊ ကျောင်းသူ ၃၁၈၀ ဦးရှိသည့်အနက် ၅၃၀ ဦးအား ဒုတိယအကြိမ်ကာကွယ်ဆေး ထိုးနှံပြီးစီး၍ ကျန်ရှိသည့် ကျောင်းသား၊ ကျောင်းသူမျာကိုလည်း သက်ဆိုင်ရာကျောင်းများအလိုက် ကာကွယ်ဆေးဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဝေယံ (IPRD)