နမ္မတူ စက်တင်ဘာ ၉
စိမ်းလန်းဘဝလူမှုဖွံ့ဖြို့မှုအဖွဲ့ (GLAD)မှ ဖွံ့ဖြိုးရေးအထောက်အကူပြု ထောက်ပံ့ငွေကျပ် (၁၄)သိန်း ဖြင့် ဆောင်ရွက်သော ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ကြူဆော့ (IDP) စခန်းအဝင်လမ်း စက်တင်ဘာလ (၈)ရက်နေ့က ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။
ထိုသို့ ကြူဆော့ (IDP) စခန်း အဝင်လမ်း အကျယ် (၁၀)ပေ၊ အရှည် (၄၀၀)ပေ ကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်းကို ကြူဆော့ (IDP) စခန်းအတွင်းရှိ တိုက်ပွဲရှောင် ပြည်သူများ၏ လုပ်အားဖြင့် စက်တင်ဘာလ (၅)ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ရာ စက်တင်ဘာလ (၈)ရက်နေ့တွင် ဆောင်ရွက်ပြီးစီး ခဲ့ကြောင်း နမ္မတူမြို့နယ် တိုက်ပွဲရှောင် စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး ဦးအောင်ဆန်းမြင့်ထံမှ သိရှိရသည်။
အဆိုပါ ကြူဆော့ (IDP) စခန်း အဝင်လမ်းမှာ ယခင်က မြေသားလမ်းဖြစ်သဖြင့် မိုးအခါတွင် လူများ၊ မော်တော်ယာဉ်များ သွားလာလျှင် ရွှံ့ဗွက်များဖြစ်နေပြီး သွားလာရန်ခက်ခဲပြီး အဆင်မပြေမှု ရှိကြောင်း၊ ယခုလို ကွန်ကရစ်လမ်း ခင်းခြင်းဆောင်ရွက်ပြီးဖြစ်သဖြင့် သွားရေးလာရေး အဆင်ပြေလျက်ရှိကြောင်း ကြူဆော့ (IDP) စခန်းရှိ တိုက်ပွဲရှောင်ပြည်သူတစ်ဦး၏ ပြောကြားချက် အရ သိရသည်။
လူမော် (ပြန်/ဆက်)