ကျောက်ဆည် ဇူလှိုင် ၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်သစ်တောဦးစီးဌာနမှ ဒေသအတွင်း စိမ်းလန်းစိုပြည်ရေးအတွက် ပျိုးပင်ပေါင်း (၅) သောင်း ပျိုးထောင်ထားရှိပြီး ရပ်ကွက်၊ ကျေးရွာများ၊ ဌာနဆိုင်ရာရုံးများနှင့် သာသနာ့ နယ်မြေများအတွင်းစိုက်ပျိုးရန် အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း သိရှိရသည်။
မြို့နယ်သစ်တောဦးစီးဌာနအနေဖြင့် နှစ်စဉ်ပျိုးပင်များပျိုးထောင်ထားရှိပြီး ဒေသအတွင်း စိမ်းလန်းစိုပြည်ရေး ဆောင်ရွက်လျက်ရှိရာ “ဒေသတွင်းစိမ်းလန်းစိုပြေရေးနဲ့ ရာသီဥတုကောင်းမွန်မျှတစေရန်အတွက် ပြည်သူများ၏နေအိမ်ခြံဝင်းများ၊ ဌာနဆိုင်ရာရုံးဝင်းများ၊ သာသနာ့နယ်မြေများတွင် စိုက်ပျိုးရန်အတွက် ကျွန်းပင် (၃၀၀၀)၊ လျှော်ဖြူပင် (၁၀၀၀) ထောင်၊ တမာပင် (၁၄၀၀၀) ထောင်၊ မယ်ဇလီပင် (၃၀၀၀)၊ မယ်ဇယ်ပင် (၇၅၀၀)၊ ရေတမာပင် (၆၀၀၀)၊ စိန်ပန်းပင် (၄၀၀၀)၊ သစ်ဆိမ့်ပင် (၁၅၀၀)၊ ပင်လယ်ကဗွီပင် (၃၀၀၀)၊ ခရေပင် (၁၀၀၀)၊ အာသောကပင် (၃၀၀၀) နှင့် ငုရွှေဝါပင် (၃၀၀၀)၊ စုစုပေါင်းပျိုးပင်အမျိုးအစား (၁၂) မျိုး၊ ပျိုးပင်အရေအတွက် (၅) သောင်း ပျိုးထောင်ထားပြီး အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း” မြို့နယ်သစ်တောဦးစီးဌာနမှ သိရှိရသည်။
ကျောက်ဆည်မြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် လူထုဖြန့်ပျိုးပင်များ ပျိုးထောင်ထားရှိပြီး အခမဲ့ဖြန့်ဝေခြင်းလုပ်ငန်းများအပြင် မြောက်ရဒါန်းချောင်းဆုံ သစ်တောကြိုဝိုင်း အတွင်း အကွက်အမှတ် (၂၁၊၂၁)၊ မြေဧက (၈၀) တွင် ကျေးရွာထင်းစိုက်ခင်းအဖြစ်ယူကလစ်ပျိုးပင် (၉၆၁၆၀) ပင်၊ ရှားပင် (၁၁၆၁၆၀) ပင် စိုက်ပျိုးထားရှိကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)