မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လွယ်ဂျယ်-မိုးမောက်ကားလမ်းပိုင်း ပျက်စီးမှုအား ပြင်ဆင်ပြီးစီး၍ မော်တော်ယာဉ်ငယ်များ ဖြတ်သန်းသွားလာနိုင်ပြီဖြစ်

လွယ်ဂျယ် ဇူလိုင် ၄

လွယ်ဂျယ်−မိုးမောက် ကားလမ်းပိုင်းပျက်စီးသည့် နေရာအား ပြင်ဆင်ပြီးစီး၍ ယနေ့ နံနက်(၈)နာရီ မိနစ်(၃၀) အချိန်မှစတင်၍ မော်တော်ယာဉ်ငယ်များ စတင်သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။

ဇွန်လ(၂၉)ရက်နေ့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လွယ်ဂျယ်−မိုးမောက် ကားလမ်း မိုင်တိုင်အမှတ်(၂၈)၊ (၂၉)အကြားတွင် ဘေလီသစ်သားကြမ်းခင်းတံတား ပြိုကျပျက်စီးမှုကြောင့် ယာယီလမ်းပြတ်တောက်မှု ဖြစ်ပေါ် ခဲ့သည်။ အဆိုပါ နေရာအား လမ်းဦးစီးဌာနနှင့် ဟုန်ရှင်းကျန်းဘ  လမ်းဆောက်လုပ်ရေးကုမ္ပဏီတို့ ပူပေါင်းပြီး အချင်း(၄)ပေရှိ ရေပြွန်များ ထည့်သွင်းခြင်း၊ လမ်းအမာခံရရှိစေရန် သဲကျောက်များ ဖြည့်ခြင်းတို့ကို ပြင်ဆင် ဆောင်ရွက်ခဲ့ရာ ယနေ့ နံနက် (၈)နာရီ မိနစ်(၃၀) အချိန်မှစတင်၍ မော်တော်ယာဉ်ငယ်များ စတင်ဖြတ်သန်း သွားလာနိုင်ပြီဖြစ်သည်။ ဆက်လက်၍ ကုန်တင်ယာဉ်ကြီးများ ဖြတ်သန်းသွားလာနိုင်ရေးအတွက် လမ်းအမာခံ ပြင်ဆင်ခြင်း လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လွယ်ဂျယ်(ပြန်/ဆက်)