ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ အထည်ပန်းပုံရိုက်နှင့် ဆေးရေးပန်းချီ သင်တန်းဖွင့်လှစ်

ဟိုပုံး ဇူလိုင် ၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ရှမ်းပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးရေးလုပ်ငန်းကော်မတီက ရှမ်းပြည်နယ်အတွင်း ကျောင်းပြင်ပရောက်ရှိနေသော အသက် ၁၆ နှစ်မှ ၁၈နှစ်ကြား လူငယ်များအား မိသားစုများအတွက် သင့်တော်ကောင်းမွန်သော အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်  ရည်ရွယ်၍ နောင်တောင်း ပရဟိတတပ်ဦးဘုန်းတော်ကြီးကျောင်း၌ အထည်ပန်းပုံရိုက်နှင့် ဆေးရေးပန်းချီသင်တန်းကို ယနေ့နံနက် ၁၀နာရီအချိန်က ပြုလုပ်ခဲ့သည်။

သင်တန်းတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ဘဏ္ဍာငွေထောက်ပံ့မှုဖြင့် ရှမ်းပြည်နယ်ကလေး အလုပ်သမားပပျောက်ရေးကော်မတီဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီ၏ အတွင်းရေးမှူး ပြည်နယ်အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ခင်မာအေးက သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ပြောကြားရာတွင် မိသားစုများအတွက် ပိုမိုကောင်းမွန်သော အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာစေရန်၊ ပြင်ပရောက်ရှိနေသော ကလေးငယ်များအား မိမိဘဝရပ်တည်နိုင်ရေး၊ မိသားစုဝင်ငွေတိုးတက်ရေး၊ အန္တရာယ်ရှိသောအလုပ်အကိုင်များတွင် ကလေးအလုပ်သမားများပ‌ပျောက်စေရန် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်းပြောကြားသည်။ ဆက်လက်၍ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန  ရက်ကန်းသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဖြူဖြူမြင့်က သက်မွေးသင်တန်းများနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားပြီးနောက် နောင်တောင်းပရဟိတတပ်ဦး ဘုန်းတော်ကြီးကျောင်း ဆရာတော်က ဩဝါဒဂါထာမိန့်ကြားသည်။  ရှမ်းပြည်နယ် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ခင်မာအေးက ‌ကျောင်းတာဝန်ခံထံ သင်တန်းသူ များနှင့် သင်တန်း ဆရာ/ဆရာမများအတွက် စားစရိတ်ထောက်ပံငွေများကိုလည်းကောင်း၊ ရှမ်းပြည်နယ် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်အေးမြင့်က သင်တန်း ဆရာ/ဆရာမထံ သင်တန်းသုံးကုန်ကြမ်းပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ အဆိုပါသင်တန်းကို ဇူလိုင်လ(၄)ရက်နေ့မှ ဇူလိုင်လ(၁၈)ရက်နေ့အထိ (၁၅)ရက်ကြာ စာတွေ့/ လက်တွေ့ဖွင့်လှစ်သင်ကြား ပေးမည်ဖြစ်ပြီး သင်တန်းသူစုစု‌ပေါင်း(၂၀)ဦး တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။

နေမင်းထွန်း(ပအိုဝ်းဒေသ)