ကျိုင်းတုံမြို့၌ သဘာဝဘေးလျော့ပါး‌ရေး စေတနာ့ဝန်ထမ်း လူငယ်သင်တန်းဖွင့်

ကျိုင်းတုံ ဇူလိုင် ၄

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ ကြီးမှူးကျင်းပသည့် သဘာဝဘေးလျော့ပါးရေး  စေတနာ့ဝန်ထမ်း လူငယ်သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲတွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးရဲနိုင်က သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ကြိုတင်လုပ်ဆောင်ရမည့် နည်းလမ်းများ သိရှိစေရန်နှင့် ဘေးအန္တရာယ်ကြုံတွေ့ရပါက အချိန်နှင့်တစ်ပြေးညီ ပြန်လည်တုန့်ပြန်နိုင်ရေးအတွက် အခြေခံအကျဆုံးဖြစ်သည့် ရပ်ကွက်၊ ကျေးရွာများမှရရှိနိုင်သော လူ့စွမ်းအားစုများကို သဘာဝဘေးအန္တရာယ်လျော့ပါးရေး သင်တန်းများဖွင့်လှစ်ပို့ချပေးခြင်းဖြစ်သည့်အတွက်   သင်တန်းသားများ အနေဖြင့် သင်တန်းမှဆွေးနွေးပို့ချမှုများကို လေ့လာမှတ်သားကြရန် အမှာစကားပြောကြားပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်မောင်မောင်ဝင်းက သဘာဝဘေးလျော့ပါးရေး စေတနာ့ လူငယ်သင်တန်း ဖွင့်လှစ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။

ထို့နောက် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲနိုင်၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ အဖွဲ့ဝင်(၄)ဦးထိန်လင်းနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းမင်းသိန်းတို့က သင်တန်းသားများအား သင်တန်းအထောက်အကူပြုပစ္စည်းများ ပေးအပ်သည်။

အဆိုပါသင်တန်းသို့ ကျိုင်းတုံမြို့နယ်မှ သင်တန်းသား၊ သင်တန်းသူ ၃၀ ဦးတက်ရောက်ပြီး ဇူလိုင်လ ၄ ရက်မှ ၆ ရက်ထိ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)