မုဒုံမြို့၌ မိုးစပါးစိုက်ဧက ၇၆၀၀၀ ကျော်စိုက်ပျိုးရန်လျာထား

မုဒုံ ဇူလိုင် ၄

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်တွင် မိုးစပါးစိုက်ဧက ၇၆၇၇၅ ဧက စိုက်ပျိုးရန် လျာထားပြီး ယခုအချိန်တွင် စပါးများ စိုက်ပျိုးလျက်ရှိရာ ဧကပေါင်း ၅၀၀၄၈ ဧက စိုက်ပျိုး ပြီးစီးနေပြီးဖြစ်ကြောင်း မုဒုံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မုဒုံမြို့နယ်တွင် ပေါ်ဆန်းရင်း စပါးအမျိုးအစားကို ယခုနှစ်တွင် အဓိကစိုက်ပျိုးကြပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန အနေဖြင့် နှစ်စဉ် မျိုးသန့်မျိုးစေ့ ပံ့ပိုးပေးခြင်း၊ မြေဆီလွှာတွင် အာဟာရဓာတ် ပါဝင်မှု စစ်ဆေးပြီး ဓာတ်မြေသြဇာနှုန်းထား ထောက်ခံချက်ပေးခြင်း၊ ဘက်စုံ ပိုးမွှားရောဂါကာကွယ်ခြင်း နည်းစနစ်များ လက်တွေ့ပြသခြင်းနှင့် ကင်းထောက်စစ်ဆေးပေးခြင်း၊ အလေအလွင့်နည်းပါးစေရန်နှင့် အရည်အသွေး ကောင်းမွန်စေရန် ဓာတ်မြေသြဇာ စနစ်တကျ အသုံးပြုစေခြင်းနှင့် ရိတ်သိမ်းချိန်အလွန် နည်းပညာများ ဖြန့်ဝေပေးခြင်း၊ မျိုးစေ့ထုတ်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ကန်ထရိုက်လယ်ယာစနစ်ဖြင့် မျိုးစေ့ထုတ်ကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်စေခြင်း၊ သမဝါယမဦးစီးဌာနနှင့် ချိတ်ဆက်ပြီး မျိုးစေ့ထုတ်တောင်သူအသင်း ဖွဲ့စည်း ဆောင်ရွက်ပေးခြင်းများ၊ စိုက်ပျိုးရေးဝန်ထမ်းများနှင့် တောင်သူများ ပူးပေါင်းကာ နည်းပညာများ ကူညီဖြည့်ဆည်းဆောင်ရွက်ပေးလျက် ရှိသည်။

၂၀၂၁ -၂၀၂၂ ခုနှစ်တွင် မုဒုံမြို့၌ မိုးစပါးစိုက်ဧက ၇၇၃၅၄ ဧက စိုက်ပျိုး ရိတ်သိမ်းနိုင်ခဲ့ပြီး ၅၁၆၄၅၉၇ တင်းထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။

အောင်မျိုးသူ (ပြန်/ဆက်)