နမ့်ခမ်း ဇူလိုင် ၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့တွင် ယနေ့နံနက် အစောပိုင်းက (၃)နာရီအချိန်ခန့်မှစ၍ နံနက်(၉) နာရီခွဲခန့်ချိန်ထိ မိုးအဆက်မပျက်ရွာသွန်းမှုကြောင့် တောင်ကျရေကြီးစွာ စီးဆင်းလာပြီး မြို့ပေါ်ရှိရပ်ကွက်အချို့၌ ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မိုးအဆက်မပျက်ရွာသွန်းမှုကြောင့် တောင်ကျရေကြီးစွာ စီးဆင်းဝင်ရောက်ကာ မြို့ပေါ်ရှိ အမှတ်(၉)ရပ်ကွက်၊ အောင်မင်္ဂလာရပ်ကွက်၊ အမှတ်(၁၂)ရပ်ကွက်၊ မန့်နားရပ်ကွက်၊ အမှတ်(၁၃)ရပ်ကွက်၊ အောင်ချမ်းသာရပ်ကွက်၊ ကုန်းကုလားရပ်ကွက်နှင့် အမှတ်(၁၄)ရပ်ကွက်၊ အောင်မေတ္တာရပ်များအတွင်းသို့ ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့သည်။ ရေကြီးရေလျှံမှု ဖြစ်ပွားသည့် ရပ်ကွက်များတွင်းရှိ မြေနိမ့်သည့်နေရာ လူနေအိမ်တစ်ချို့တွင် ရေလျှံဝင်ခြင်း၊ ရပ်ကွက် လမ်းများတစ်ချို့တွင် ယာဉ်များသွားလာ၍ မရသဖြင့် မော်တော်ယာဉ်နှင့် ပြည်သူများအား အန္တရာယ်ကင်းစေရန် လမ်းများကို ယာယီပိတ်ထားခဲ့ကြောင်း သိရသည်။
ရေကြီးရေလျှံမှု ဖြစ်ပွားတက်သည့် ရပ်ကွက်များတွင် ရပ်ကွက်နေပြည်သူများက ရေစီးရေလာကောင်းမွန်ရေးအတွက် နှစ်စဉ်ရေနုတ်မြောင်းများ ရှင်းလင်းခြင်း၊ အမှိုက်များ ဆည်ယူခြင်းနှင့် ခြုံပင်/မြက်ပင်များ ရှင်းလင်းခြင်း ဆောင်ရွက်ထားသော်လည်း ယနေ့နံနက်(၃)နာရီအချိန်ခန့် နံနက်(၉)နာရီခွဲအချိန်ထိ အချိန်(၆)နာရီကျော်ကြာ မိုးအဆက် မပျက်ရွာသွန်းမှုကြောင့် တောင်ကျရေများကြီးစွာ စီးဆင်းဝင်ရောက်သည့်အတွက် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ရကြောင်း သိရသည်။
ဆိုင်ထွန်း(နမ့်ခမ်း)