နမ့်ခမ်းမြို့၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်၊ ထိန်းချုပ်ကုသရေးလမ်းညွှန်ချက်များကို ပြည်သူများစနစ်တစ်ကျလိုက်နာနိုင်ရန် အသိပေးနှိုးဆော်

နမ့်ခမ်း       စက်တင်ဘာ    ၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့က ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်၊ ထိန်းချုပ်ကုသရေးလမ်းညွှန်ချက်များကို ပြည်သူများသိရှိပြီး စနစ်တစ်ကျလိုက်နာနိုင်ရန်အတွက် အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများကို  ယနေ့နံနက် (၁၀)နာရီအချိန်ခန့် က နမ့်ခမ်းမြို့၊ စည်ပင်သာယာရေးဌာနက နေရာအနှံ့တွင် လိုက်လံနှိုးဆော်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့က ပြည်သူများသိရှိစေရန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ကုသရေး လမ်းညွှန်ချက်များဖြစ်သည့် မိမိနေအိမ်အတွင်းနေထိုင်ခြင်း၊ လူစုလူဝေးဖြင့် ကျင်းပပြုလုပ်သည့် ပွဲလမ်းသဘင်များနှင့် အခမ်းအနားပြုလုပ်ခြင်းများ ရှောင်ကျဉ်ခြင်း၊ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များနှင့် ဈေးဆိုင်များတွင် ဈေးရောင်း/ဈေးဝယ် ပြုလုပ်ရာ၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့် အညီ နှာခေါင်းစည်းတပ်ဆင်ရန်၊ ပြန်သူများအနေဖြင့် နေအိမ်ပြင်ပသို့ သွားလာပါက မဖြစ်မနေ နှာခေါင်းစည်းတပ်ဆင်ကြရန်၊ လက်ကိုစနစ်တကျဆေးကြောရန်နှင့် (Social Distancing)ကို တိတိကျကျ လိုက်နာဆောင်ရွက်ကြရန်အတွက် နမ့်ခမ်းမြို့၊ လူစည်ကားရာ လမ်းဆုံလမ်ခွနေရာ များ၊ ကားဂိတ်များနှင့် ဈေးအဝင်ဝများတွင် ဗီနိုင်းပိုစတာများဖြင့် ကပ်နှံအသိပေးခြင်း၊ ဈေးဝန်းအတွင်း၌ (Hand Speaker) ဖြင့် လိုက်လံနှိုးဆော်ခြင်းလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်လျက် ရှိသည်။

ဆက်လက်ပြီး ဈေးရောင်း/ဈေးဝယ် ပြုလုပ်ရာတွင် တစ်ဦးနှင့်တစ်ဦး (၆)ပေအကွာနေပြီး အရောင်းအဝယ်ပြုလုပ်ကြရန်၊ ဈေးရောင်း/ဈေးဝယ် ပြုလုပ်ပြီးတိုင်း လက်ကို လက်သန့် ဆေးရည် (Hand Gel)ဖြင့် စနစ်တကျဆေးကြောသန့်စင်ခြင်း၊ ပြည်သူများကို ကိုယ်အပူချိန် တိုင်းတာခြင်းနှင့် ဈေးရောင်း/ဈေးဝယ်ပြည်သူများအနေဖြင့် တိတိကျကျလိုက်နာရမည့် ကျန်းမာရေးလမ်းညွှန်ချက်များကို အသိပေးနှိုဆော်ခဲ့ကြောင်း သိရသည်။

ဘဦး(ပြန်/ဆက်)