မိုင်းယောင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှု ကွင်းဆင်း စစ်ဆေး

မိုင်းယောင်း ဇူလိုင်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယောင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်သည် ယနေ့က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေနှင့်အတူ တာဝန်ရှိသူများလိုက်ပါ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် သဘာဝဘေးကြောင့် ပျက်စီးသွားသည့် မိုင်းယောင်း-မိုင်းယု လမ်းမပေါ်ရှိ ကော်ဆမ်မိန်း တံတား တည်ဆောက်နေမှုနှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဏာနှစ် မိုင်းယောင်း-မိုင်းယုလမ်း ကတ္တရာထပ်ပိုးလွှာခင်းနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လမ်းနှင့်တံတားများ သတ်မှတ်စံချိန်စံညွှန်း ကိုက်ညီစေရေး၊ အချိန်မီပြီးစီးရေး နှင့် အရည်အသွေးပြည့်မီစေရေးအတွက် ဆွေးနွေးမှာကြားသည်။

ထို့နောက် မိုင်းယုမြို့ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံးတွင် တိရစ္စာန်မွေးမြူရေး၊ ကုသရေးနှင့် ထိန်းသိမ်းခြင်းလုပ်ငန်း နှင့်စပ်လျဉ်း၍ ဆောင်ရွက်နိုင်ရေးအတွက် တာဝန်ရှိသူအား လိုအပ်သည်များ ဆွေးနွေးမှာကြားပြီး မိုင်းယု-ကျင်းယဲန်း တံတားအခြေအနေကို ကြည့်ရှုခဲ့သည်။

ယင်းနောက် အထက(မိုင်းယု)ကျောင်း၌ သက်ဆိုင်ရာတာဝန်ရှိသူများ နှင့်တွေ့ဆုံ၍ ကျောင်းနေအရွယ်ကလေးများ ပညာသင်ကြားနိုင်ရေး အားပေးဆောင်ရွက်ရန် ညှိနှိုင်းဆွေးနွေးခဲ့ကာ မိုင်းယုမြို့ ပြည်သူ့ဆေးရုံ၌ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း