ဒဂုံဆိပ်ကမ်း ဇူလိုင် ၃
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၉၂)ရပ်ကွက် သုတအလင်းစာကြည့်တိုက်ကို ယနေ့နံနက်( ၉:၀၀) နာရီအချိန်တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ထိုစာကြည့်တိုက်ဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှအဖွဲ့၀င်(၂) ဦးလှကြည်မှ အဖွင့်အမှာ စကားပြောကြားပြီး၊ မြို့နယ်စာကြည့်တိုက်ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦး၀င်းကြည်မှ စာကြည့်တိုက်စတင်ဖြစ်ပေါ်လာပုံနှင့် လက်ရှိရှင်သန်နေသော စာကြည့်တိုက်များအကြောင်း၊ မြို့နယ်စာကြည့်တိုက် ကြီးကြပ်မှုကော်မတီမှ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကိုလည်းကောင်း ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ သုတအလင်းစာကြည့်တိုက် ကော်မတီဥက္ကဋ္ဌ ဒေါ်ဖြူဖြူရှိန်မှ စာကြည့်တိုက်၏ သမိုင်းကြောင်းနှင့်စာကြည့်တိုက်တွင် စာအုပ်ငှားခြင်းလုပ်ငန်းအပြင်၊ သင်တန်းများ၊ ဆွေးနွေးပွဲများ၊ စာကြည့်တိုက်မှတစ်ဆင့် အလုပ်အကိုင်အခွင့် အရေးများကို online မှတဆင့် ရှာဖွေပေးခြင်းလုပ်ငန်းများဖြင့် ပြည်သူကို၀န်ဆောင်မှုပေးမည့် အစီအစဉ်များလည်းရှိကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ရပ်မိရပ်ဖတစ်ဦးမှလည်း စာကြည့်တိုက်ရေရှည်တည်တံ့ဖို့နှင့် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဝိုင်း၀န်းဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
လဲ့လဲ့