ကာလိမြို့၊ လွိုင်ချို(အ.မ.က) ကျောင်း၌ Facility Quarantine Center အဖြစ် ပြင်ဆင်ဆောင်ရွက်

ကာလိ    စက်တင်ဘာ   ၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေး အတွက် Facility Quarantine Center အဖြစ်  ပြင်ဆင်ဆောင်ရွက်ထားခြင်းကို ကာလိမြို့ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးကော်မတီအဖွဲ့မှ ယနေ့နံနက် (၈) နာရီ အချိန်ခန့် က ကာလိမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ လွိုင်ချို၊ အခြေခံပညာမူလတန်းကျောင်း၌ ပြင်ဆင်ဆောင်ရွက်ထားကြောင်း သိရသည်။

အဆိုပါ ဆောင်ရွက်မှုတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေးနှင့် ကာကွယ်ထိန်းချုပ်နိုင်ရေး အဖြစ် နေရပ်ပြန်ပြည်သူများ Facility Quarantine Center တွင် အဆင်ပြေချောမွေ့စွာ ထားရှိ နိုင်စေရန် ကျောင်းဝန်းအတွင်းရှိ ခြုံနွယ်ပေါင်းမြက်များ၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ ကျောင်းဆောင်အတွင်း နေရာထိုင်ခင်းများ စီစဉ်ဆောင်ရွက်ထားခြင်း၊ သန့်ရှင်းရေးပြုလုပ် ထားခြင်း တို့ကို ကာလိမြို့  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးရဲမင်းထွန်း နှင့် ဝန်ထမ်းများ၊ ကာလိနယ်မြေရဲစခန်းမှ ရဲအုပ်လှဟန်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ အမှတ်(၁၅၁) ခြေလျင်တပ်ရင်းမှ  ဒုတိယအရာခံဗိုလ် အောင်ကျော်ဦးနှင့် တပ်မတော်သားများ၊ ကာလိမြို့ မီးသတ်ဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးမျိုးအောင်သူနှင့် ဝန်ထမ်းများ၊ ရပ်ကွက်(၁) အုပ်ချုပ်ရေးမှူး ဦးစိုင်းခမ်းလူနှင့် ပြည်သူများပူးပေါင်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန မှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ထားရှိကြောင်း သိရသည်။

ဝင်းကျော်(ကာလိ၊ပြန်/ဆက်)