တာမွေမြို့နယ်တွင် “ အမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်ရေး ” ဆိုင်ရာ စာအုပ်စာစောင်ပြပွဲကျင်းပ

တာမွေ ဇူလိုင် ၃

၂၀၂၂-ခုနှစ် ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်သည့် (၂၆)ကြိမ်မြောက် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် အမျိုးသမီးများဘဝ ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာ စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက်ပိုင်းအချိန်က ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre ) ခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေး လမ်းညွှန်ချက်မျာနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်မို့မို့အောင်က ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက် လာကြသူများက ခန်းမအတွင်း ပြသထားသော မြန်မာအမျိုးသမီးများနေ့ ဖြစ်ပေါ်လာပုံ အကြောင်းအရာများ၊ အမျိုးသမီးများဘဝလုံခြုံရေးအတွက် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေးနည်းလမ်းများ၊ အမျိုးသမီးများ၏ အခွင့်အရေးများ၊ နိုင်ငံတော်အစိုးရက တောင်ပေါ်မြေပြန့် ခွဲခြားမှုမရှိဘဲ အမျိုးသမီးငယ်များ၏ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် စိတ်ဓာတ် မြှင့်တင်ရေးမှစ၍ အမျိုးသမီးများ၏ ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အစဉ်အမြဲ လေ့ကျင့်ပြုစုပျိုးထောင်ပေးနေမှုများ၊ အမျိုးသမီးကောင်းတစ်ယောက်တွင်ရှိသင့်သည့် ဂုဏ်အရည်အသွေးများနှင့် အဆိုပါ ဂုဏ်အရည် အသွေးများ မပျက်ယွင်း၊ မချို့တဲ့စေရေးထိန်းသိမ်းမြှင့်တင်ရန်အချက်များ၊ အမျိုးသမီးများအနေဖြင့် မပျက်မကွက် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရမည့် အမျိုးဂုဏ်၊ ဇာတိဂုဏ်နှင့် ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများ စသည်ဖြင့် အမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ စာအုပ်စာစောင်များ ကို စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

မြန်မာအမျိုးသမီးများအနေဖြင့် အကြမ်းဖက်ခံရခြင်းမှကင်းဝေးပြီး အမျိုးသမီးများဘဝ ဘေးကင်းလုံခြုံစေရေး၊ အမျိုးသမီးများအနေဖြင့် အခွင့်အရေးပိုမိုရရှိလာခြင်းဖြင့် နိုင်ငံ၏လူ့အခွင့်အရေး စံချိန်စံညွှန်းများ မြင့်မားလာပြီး အမျိုးသမီးထု၏ စွမ်းပကားကို ပိုမိုအသုံးချနိုင်တဲ့အတွက် နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုလည်း အထောက်အကူပြုလာနိုင်စေရန် ရည်ရွယ်၍ အဆိုပါ စာအုပ်စာစောင်ပြပွဲအား ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ပြည်သူများ အသိဉာဏ်ပညာ ဗဟုသုတတိုးပွားစေရေး အတွက် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ဌာနဆိုင်ရာရုံးများနှင့် ရပ်ကွက်များသို့ ကွင်းဆင်း၍လည်း  နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ကာ သုတ/ရသစာအုပ်စာစောင်များကို အခမဲ့ ငှားရမ်းပေးလျက်ရှိကြောင်း သတင်းရသည်။

နိုင်လင်းအောင်(တာမွေ)