ပင်းတယမြို့၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ တက္ကသိုလ်ဝင်တန်းအောင်မြင်သူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းနားပြုလုပ်

ပင်းတယ ဇူလိုင် ၃

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းခန်းမ၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား/ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့  နံနက်( ၁၀)    နာရီ အချိန်က အဆိုပါနေရာ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပင်းတယ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမှ အနာဂတ်၏မျိုးဆက်သစ် လူငယ်လူရွယ်များအနေဖြင့် ပညာသင်ယူချိန်တွင် စိတ်ပါဝင်စားစွာကြိုးစား သင်ယူစေလိုကြောင်း၊ ပညာရေးသည် အနာဂတ်တိုင်းပြည်၏ အေးချမ်းသာယာပြီး၊ ခေတ်မီဖွံဖြိုးတိုးတက်ရေး တို့တွင်များစွာ အခြေခံကြောင်း၊ ပညာထူးချွန်ထက်မြက်မှသာ ညဏ် ပညာအတွေးအခေါ်များ ပိုမိုရင့်ကျက်စေနိုင်မည်ဖြစ်ကြောင်း၊ ထိုမှသာ အမှား၊ အမှန် ဝေဖန်ပိုင်းခြား သိမြင်နိုင်မည် ဖြစ်ကြောင်း စသည်ဖြင့် အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသ၊ တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်း၊ ပင်းတယမြို့ ကျောင်းအုပ်ဆရာကြီး ဦးအုန်းကြိုင်မှ သင်တန်းကျောင်းဆိုင်ရာများနှင့် လက်ရှိဆောင်ရွက်နေမှုများအား ရှင်းလင်း ပြောကြားခဲ့သည်။

ယင်းနောက် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်သူများနှင့်၊ ဂုဏ်ထူးရ ရှိသည့် ကျောင်းသား/ ကျောင်းသူများအား ဂုဏ်ပြုဆုများ အသီးသီးချီးမြှင့်ပေးခဲ့ကြသည်။ ပင်းတယမြို့၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ တက္ကသိုလ်ဝင်တန်းဝင်ရောက် ဖြေဆိုသူ စုစုပေါင်း (၅၁) ဖြစ်ပြီး၊ အောင်မြင်သူ ( ၄၆) ဦး တွင် ၃ ဘာသာဂုဏ်ထူးရှင် ၈ ဦး၊ ၂ ဘာသာဂုဏ်ထူးရှင် ၉ ဦး၊ ၁ ဘာသာဂုဏ်ထူးရှင် ၂၆ ဦး၊ ရိုးရိုးအောင် ၃ ဦး၊ အောင်ချက် ရာခိုင်နှုန်း ၉၀.၂၀ ဖြစ်ကြောင်းသိရသည်။

အေးအေးလတ်(ခရိုင်ပြန်/ဆက်)