ဘီးလင်းမြို့၊​ ကန်သာယာအထက်တန်းကျောင်း၌ ပညာရည်ချွှန်ဆု ချီးမြှင့်ပွဲအခမ်းအနားကျင်းပ

ဘီးလင်း ဇူလိုင်

သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း (ကန်သာယာ)မှ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဖြေဆိုအောင်မြင်ကြသော  ကျောင်းသား ၊ကျောင်းသူများအား ပညာရည်ထူးချွန်ဆု ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အ-ထ-က ကန်သာယာ ကျောင်းမဟောသဓာခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် Grade-11 ကျောင်းသား၊ ကျောင်းသူလေးများက ပညာပန်းခင်း တေးသီးခင်းဖြင့်သီဆိုကာ အခမ်းအနားကိုဖွင့်လှစ်ခဲ့ပြီး ဒုတိယမြို့နယ်ပညာရေးမှူး ဦးကြည်ထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက်အထက ကန်သာယာကျောင်းအုပ်ဆရာကြီး ဦးဝင်းသူက ပညာရည်ထူးချွန်ဆု ချီးမြှင့်ပွဲကျင်းပပေးရခြင်းနှင့် ပတ်သက် ၍ ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ပညာရည်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ရာ အထက ကန်သာယာကျောင်းမှ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ၄ ဘာသာဂုဏ်ထူးရှင် ၁ ဦး၊ ၃ ဘာသာဂုဏ်ထူးရှင် ၁ ဦး ၂ ဘာသာဂုဏ်ထူးရှင် ၅ ဦး၊ ၁ ဘာသာဂုဏ်ထူးရှင် ၁၁ဦး၊ ရိုးရိုးအောင် ၆ ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ  ၃၄ ဦးနှင့်ဘာသာရပ်အလိုက် ထူးချွန်စွာ သင်ကြားပေးခဲ့ကြသော ဆရာ၊ ဆရာမများအား ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူ အသီးသီးတို့က ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် ကျောင်းအကျိုးတော်ဆောင် ဥက္ကဋ္ဌ ဦးဇေယျာသန်းက ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကူညီပံ့ပိုးသူများအား ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ထူးနောင်ဘီးလင်း