စဉ့်ကူးမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးငယ်များအား လစဉ်ပုံမှန် ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းများ ဆောင်ရွက်

စဉ့်ကူး ဇူလိုင် ၃

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်တွင် စဉ့်ကူးဆေးရုံ(၂)ထပ်ဆောင်၊ လက်ပန်လှကျေးရွာ ကျေးလက် ကျန်းမာရေးဌာနနှင့် ထုံးကြီးကျေးရွာ ကျေးလက်ကျန်းမာရေးဌာနတို့တွင် ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးငယ်များအား လစဉ်ပုံမှန် ကာကွယ်ဆေးထိုးပေးခြင်းနှင့် ဆေးတိုက်ခြင်းတို့ကို ယမန်နေ့ နံနက်ပိုင်းမှစ၍ ယနေ့အထိ ဆောင်ရွက်ပေးလျက် ရှိသည်။

အဆိုပါ ကာကွယ်ဆေးထိုးပေးခြင်းနှင့် ဆေးတိုက်ကျွေးခြင်းများကို (၂-၇-၂၀၂၂) ရက်နေ့တွင် မွေးကင်းစမှ အသက်(၁)နှစ်ခွဲအထိ ကလေးငယ်(၇၀၀)ဦးနှင့် ကိုယ်ဝန်ဆောင် မိခင်(၁၉၁)ဦးတို့အား ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးပေးခဲ့ပြီး (၃-၇-၂၀၂၂) ရက်‌နေ့ ယနေ့တွင် ဆက်လက်ထိုးနှံတိုက်ကျွေး ပေးလျက်ရှိသည်။ မွေးကင်းစမှ အသက်(၁)နှစ်ခွဲအထိ ကလေးငယ်များအား  ပေါင်ချိန် ပေးခြင်း၊ အသက်အရွယ်အလိုက် ဘီစီဂျီ၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ၊ ဦးနှောက်အမှေးရောင် (ငါးမျိုးစပ် ကာကွယ်ဆေး)၊ ဝက်သက်-ဂျိုက်သိုး၊ ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးများကို ထိုးနှံပေးခြင်း၊ ပြင်းထန်ဝမ်းပျက် ဝမ်းလျှောရောဂါ (ရိုတာကာကွယ်ဆေး)နှင့် ပိုလီယိုအကြောသေရောဂါ ကာကွယ်ဆေး တိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင် များအား မေးခိုင်ရောဂါ ကာကွယ်ဆေး ထိုးနှံ​ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။

ထို့ပြင် ကိုယ်ဝန်ဆောင်မိခင်လောင်းများနှင့်  ကလေးမိခင်များကို ကျန်းမာရေးနှင့် ပတ်သက်သည့် အသိပညာပေးခြင်း၊ ကလေးအာဟာရ ဖွံ့ဖြိုးရေးအတွက် အသိပညာပေးခြင်း၊ ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်း လုပ်ငန်းများကို လစဉ် လဆန်း(၂)ရက်နှင့် (၃)ရက်နေ့များတွင် စဉ့်ကူးမြို့နယ် ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ပေးကြကြောင်း သိရသည်။

တင်ဇာလွင် (ပြန်/ဆက်)