နောင်ချိုမြို့နယ် သဖန်းကိုင်းဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် အာယုဒါနဆေးပေးခန်းအတွက် အလှူငွေများလှူဒါန်း 

နောင်ချို ဇူလိုင် ၃

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် သဖန်းကိုင်းဘုန်းတော်ကြီးသင် ပညာရေးကျောင်းနှင့် အာယုဒါနဆေးပေးခန်းအတွက် အလှူငွေများကို ယမန်နေ့ကလှူဒါန်းခဲ့ ကြောင်းသိရသည်။              

လှူဒါန်းရာတွင် နောင်ချိုမြို့နယ် ရွှေညောင်ပင်ကျေးရွာမှ ကွယ်လွန်သူကိုစိုင်းခမ်းအားရည်စူး၍ ရွှေညောင်ပင်ဆန်စက်မိသားစုမှ အာယုဒါန(အခမဲ့)ဆေးပေးခန်းဆေးပဒေသာပင်အတွက် အလှူငွေ ကျပ်(၁၀) သိန်း၊ ပညာရေးအတွက်အလှူငွေကျပ်(၃)သိန်း လှူဒါန်းခဲ့ရာ သဖန်းကိုင်းပရဟိတဆရာတော်မှ လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။

သဖန်းကိုင်း ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ၊ ရှင်သာမဏေ စုစုပေါင်း ၂၈၉ဦးရှိပြီး အဆိုပါကျောင်းသား၊ ကျောင်းသူများ၏ ဘာသာရေး၊ ပညာရေးကိစ္စများကို ဆရာတော်မှ အနီးကပ်ကြည့်ကြပ်စောင့်ရှောက်ပေးလျက်ရှိကြောင်းနှင့်ဆရာတော်၏ ဦးဆောင်မှု ဖြင့်ဖွင့်လှစ်ထားသော အာယုဒါန(အခမဲ့)ဆေးခန်း၌လည်း လူမျိုးဘာသာမရွေး လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သဖန်းကိုင်းဆရာတော်ထံမှ သိရသည်။

ထွေးငယ်(ပြန်/ဆက်)