ကျောက်ဆည် ဇူလိုင် ၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် နေ့စဉ်ဝင်ငွေရသည့် ကာလတိုသီးနှံများဖြစ်သော ကန်စွန်း၊ ဆလပ်၊ ဆူးပန်း၊ နံနံ၊ မုံညင်း၊ ခရမ်း၊ ရုံပတီ စသည့် ဟင်းသီး၊ ဟင်းရွက်များ တစ်နိုင်တစ်ပိုင် ပိုမိုစိုက်ပျိုးလာကြောင်း သိရသည်။
ကာလရှည်သီးနှံများဖြစ်သည့် စပါး၊ ကြက်သွန်၊ငရုပ်စသည့် သီးနှံများ စိုက်ပျိုးရာတွင် လုပ်သားရှားပါးမှု အခက်အခဲနှင့်သွင်းအားစုများပိုမိုသုံးစွဲရပြီး စိုက်ပျိုးရိတ်သိမ်းသည့်အခါ ဈေးကောင်းမရခဲ့ပါက တောင်သူများအနေဖြင့် များစွာဆုံးရှုံးမှုရှိကြောင်း၊ ထို့ကြောင့် နေ့စဉ်ပုံမှန်ဝင်ငွေရသည့် ကာလတို သီးနှံများ ပိုမိုစိုက်ပျိုးလာကြောင်းနှင့် ကန်စွန်းသီးနှံစိုက်ပျိုးမည်ဆိုပါက မြေဆီကောင်းမွန်စေရန် အတွက် ဦးစွာမြေပြုပြင်ပေးရပြီး သဘာဝမြေဩဇာဖြစ်သည့် နွားချေး၊ ဆိတ်ချေး၊ ကြက်ချေများအား သီးနှံမစိုက်ပျိုးခင် ဦးစွာထည့်ထားပေးရကြောင်း၊ စိုက်ပျိုးရာတွင် ရေသွင်း၊ ရေထုတ်ကောင်းမွန်စေရန်အတွက် မြေအမျိုးအစားအလိုက် မြေဘောင်အကြီး၊ အသေးများပြုလုပ်ပြီး လေဝင်လေထွက်ကောင်းမွန်စေရန်အတွက် အပင်များအား သင့်တော်သည့် အကွာအဝေးအနေဖြင့် တစ်ထွာ၊တစ်မိုက်ခြားပြီး စိုက်ပျိုးရကြောင်း သိရသည်။
ကန်စွန်သီးနှံသည် တစ်ခါစိုက်ထားပါက တစ်နှစ်ပတ်လုံး ရိတ်သိမ်းရောင်းချရကြောင်း စိုက်ပျိုးပြီး(၄၅)ရက်တွင် ကန်စွန်းရွက်များကိုစတင်ရိတ်သိမ်းရပြီး၊ မိုးရာသီအခါ၌(၁၀)ရက်ခြားတစ်ကြိမ်၊ နွေရာသီနှင့်ဆောင်းရာသီအချိန်များတွင် (၁၅)ရက်ခြားတစ်ကြိမ်ရိတ်သိမ်းရောင်းချနိုင်ပြီး လိုအပ်သည့်အချိန် များတွင် လိုအပ်သလိုရိတ်သိမ်းရောင်းချခြင်းများလည်း ပြုလုပ်နိုင်ကြောင်း၊ ကန်စွန်းတစ်ဧက စိုက်ပျိုး မည်ဆိုပါက မျှားနီတံဆိပ်မျိုးအထုပ်(၆၀)သုံးစွဲရပြီး မျိုးတစ်ထုပ်လျှင်ငွေကျပ် (၇၈၀၀)ကျပ်ပေးရ ကြောင်း မိသားစုတစ်နိုင်တစ်ပိုင် လုပ်ကိုင်နိုင်သဖြင့် ကုန်ကျငွေအနေဖြင့်(၇)သိန်းသုံးသောင်းကျပ်ခန့်ရှိကြောင်းနှင့် အကျိုး အမြတ်အနေဖြင့် မြေဆီကောင်းမွန်မှုနှင့် အပင်ပြုစုအပေါ်မူတည်၍ ငွေကျပ်သိန်း(၂၀)မှ ငွေကျပ်သိန်း(၅၀)ကျော်အထိ ရရှိကြောင်း ကန်စွန်းစိုက်ပျိုးရောင်းချလျက်ရှိသည့် တောင်သူဦးလှဌေး ပြောပြ၍သိရသည်။
သက်မောင်