ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း ရခိုင်ပြည်နယ်ကြက်ခြေနီသိုလှောင်ရုံနှင့် ဘက်စုံသုံးအဆောက်အဦသစ်ဖွင့်ပွဲ တက်ရောက်

စစ်တွေ    ဇူလိုင်  

မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ရခိုင်ပြည်နယ် ကြက်ခြေနီသိုလှောင်ရုံနှင့် ဘက်စုံသုံးအဆောက် အဦသစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်း က စစ်တွေမြို့၊ ကျေးပင်ကြီးရပ်ကွက်ရှိ အဆိုပါ အဆောက်အဦ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်မြင့်နှင့် တာဝန်ရှိသူများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ရခိုင်ပြည်နယ်ကြက်ခြေနီသိုလှောင်ရုံနှင့် ဘက်စုံသုံးအဆောက်အဦသစ်အား ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်မြင့်နှင့် ပြည်နယ် ကြက်ခြေနီ ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးထွန်းရွှေတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အဆောက်အဦသစ်ကဗ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြသည်။

ထို့နောက် အခမ်းအနားဒုတိယပိုင်းကို အဆောက်အဦဘက်စုံသုံးခန်းမ၌ ကျင်းပရာ ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း က ယနေ့ဖွင့်လှစ်သော ရခိုင်ပြည်နယ် ကြက်ခြေနီသိုလှောင်ရုံနှင့် ဘက်စုံသုံးအဆောက်အဦသည် ဘေးအန္တရာယ်ကျရောက်မှုကြောင့် အကူအညီလိုအပ်နေသူ အရေးပေါ်အိမ်ထောင်စု (၁၅၀၀)ကျော်အတွက် မိသားစုအသုံးအဆောင် ပစ္စည်းများ၊ တစ်ကိုယ်ရည်နှင့် ကျန်းမာရေးသုံးပစ္စည်းများ၊ အမျိုးသမီးများအတွက် အသုံးအဆောင်ပစ္စည်းများ အပါအဝင် အခြားကယ်ဆယ်ရေးထောက်ပံ့ပစ္စည်းများကို အသင့်ထားရှိနိုင်ရန် သိုလှောင်ထားသည့် အဆောက်အဦဖြစ်ပြီး အရေးပေါ်အခြေအနေတွင် အချိန်နှင့်တပြေးညီ ကူညီပံ့ပိုးထောက်ပံ့ပေးနိုင်မည်ဖြစ်သည့်အတွက် မိမိတို့ပြည်နယ်အတွက် များစွာအထောက်အပံ့ဖြစ်စေပါကြောင်း၊ ထို့အပြင် ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးက ကြက်ခြေနီစေတနာလုပ်အားရှင်များအတွက် စွမ်းဆောင်ရည်မြှင့်တင်မှုဆိုင်ရာ သင်တန်းများဖွင့်လှစ်ရာတွင်လည်းကောင်း၊ အစည်းအဝေးများ ပြုလုပ်ရာတွင်လည်းကောင်း အသုံးပြုနိုင်ရန် သင်တန်းခန်းမနှင့် တည်းခိုဆောင်များပါ ထည့်သွင်းတည်ဆောက် ထားသည့်အတွက် စစ်တွေမြို့နယ်အတွင်းမှာရှိသော အခြားသော လူမှုမရဟိတ အဖွဲ့အစည်းများ အနေဖြင့်လည်း အစည်းအဝေးပြုလုပ်ရန် လည်းကောင်း၊ သင်တန်းနှင့်အခြားသော အခမ်းအနားများ ပြုလုပ်ရန်အတွက်လည်းကောင်း ကြက်ခြေနီရန်ပုံငွေတိုးပွားစေရန်အတွက် ရည်ရွယ်ပြီး စရိတ်မျှထောက်ပံ့ငွေတစ်ရပ် အနေဖြင့် ငှားရမ်းအသုံးပြုနိုင်မည် ဖြစ်ကြောင်း၊ ယခုကဲ့သို့ ပြည့်ပြည့်စုံစုံဖြင့် ဘက်စုံအသုံးပြုနိုင်အောင် ဆောက်လုပ်လှူဒါန်းပေးသည့် အလှူရှင်များ၊ ဖြစ်မြောက်အောင် ဦးစီးပံ့ပိုးဆောင်ရွက်ပေးသည့် မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် တာဝန်ရှိသူများကိုလည်း အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဋ္ဌ က ရခိုင်ပြည်နယ်ကြက်ခြေနီသိုလှောင်ရုံနှင့် ဘက်စုံသုံးအဆောက်အဦသစ် ဖွင့်လှစ်နိုင်ခြင်းနှင့် ပတ်သက်၍ ဂုဏ်ယူဝမ်းမြောက်စကား ပြောကြားပြီး အဆောက်အဦသစ် တည်ဆောက်ခဲ့မှုလုပ်ငန်းစဉ် အဆင့်ဆင့်နှင့် ကြပ်ခြေနီတပ်ဖွဲ့ဝင်များ၏ လူမှုဂရုဏာ လုပ်ငန်းများ ဆောင်ရွက်မှု မှတ်တမ်းဗီဒီယိုတို့ကိုပြသသည်။ ယင်းနောက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် လှူဒါန်းငွေကျပ် ၂၅၆၀၀၀၀/-နှင့် အလှူရှင်များမှ လှူဒါန်းငွေများကို ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် အလှူရှင်များက လှူဒါန်းခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြက်ခြေနီတပ်ဖွဲ့ဝင်များ၏ လူမှုဂရုဏာလုပ်ငန်းများ ဆောင်ရွက်မှုမှတ်တမ်းဓာတ်ပုံများနှင့် ကယ်ဆယ်ရေးထောက်ပံ့ပစ္စည်းများ သိုလှောင်ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုခဲ့ကြ သည်။

အဆိုပါအဆောက်အဦမှာ အလျား ၆၄ ဒသမ ပေ၊ အနံ ၈၂ ဒသမ ၃၅ ပေ၊ အမြင့် ၃၁ ဒသမ ၁၆ ပေရှိ RC နှစ်ထပ်အဆောက်အဦဖြစ်ပြီး ငွေကျပ်သန်းပေါင်း ၁၂၇၈ သန်းကျော်ဖြင့် တည်ဆောက်ခဲ့ခြင်း ဖြစ်ကာ မြန်မာနိုင်ငံကြက်ခြေနီအသင်းရှိ သိုလှောင်ရုံ(၃၀)အနက် အဆင့်မြင့်ကောင်းမွန်သော သိုလှောင်ရုံနှင့် ဘက်စုံသုံးအဆောက်အဦတစ်ခုဖြစ်ပြီး နယူးဇီလန်နိုင်ငံအစိုးရနှင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းတို့ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်အဖြစ် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)