ဟိုပုံး ဇူလိုင် ၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် မြန်မာ အမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အမျိုးသမီးရေးရာ အဖွဲ့မှ ဟိုပုံးမြို့ပြည်သူ့ဆေးရုံ၌ လိုအပ်သောဆေးဝါးများ ဝယ်ယူရန်အတွက် ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉နာရီအချိန်က ဟိုပုံးမြို့ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်မြတ်ခင်မော်က အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာအမျိုးသမီးများ ဘဝဖွံ့ဖြိုးတိုးတက် ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းအကောင်အထည်ဖော်နိုင်ရေးနှင့် နိုင်ငံတော်အတွက် အားထားရသည့် အင်အားစုကြီး တစ်ရပ် အဖြစ်ပေါ်ထွန်းလာစေရန် ရည်ရွယ်လျက် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်(Myanmar Women’s Affairs Federation MWAF)ကို ၂၀၀၃ ခုနှစ်၊ ဒီဇင်ဘာလ (၂၀)ရက် နေ့တွင် ဖွဲ့စည်းခဲ့ပါကြောင်း၊ မြန်မာနိုင်ငံလူဦးရေ၏ ထက်ဝက်ကျော်သည် အမျိုးသမီးဦးရေဖြစ်ပါကြောင်း၊ ယခုလိုဘက်ပေါင်းစုံကနေ ဖွံ့ဖြိုးတိုးတက်လာတဲ့ခေတ်ကြီးထဲမှာ အမျိုးသမီးတွေဟာ အိမ်မှုကိစ္စ တာဝန်တွေအပြင် အမျိုးသားတွေနဲ့ ရင်ပေါင်တန်းပြီးလုပ်ငန်းခွင်တွေမှာ ကိုယ်စွမ်း ကိုယ်စအပြည့်နဲ့ လုပ်ကိုင်နေပါကြောင်း၊ အမျိုးသမီးတွေအားထုတ်မှုနှင့်ဖြစ်မြောက်လာတဲ့ အခြေအနေတစ်ခုကို အားပေးချီးမြောက်သင့်သလို တစ်ဖက်မှာလည်း ကျား/မ တန်းတူအခွင့်အရေးရရှိစေဖို့နဲ့ အမျိုးသမီးတို့၏စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး ဆက်လက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် အမျိုးသမီးများ၏ရပိုင်ခွင့်များ ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်လျက်ရှိပါသောကြောင့် ကျန်းမာရေးကဏ္ဍအရ ဟိုပုံးမြို့နယ်ပြည်သူ့ဆေးရုံရှိ ကျန်းမာရေးဝန်ထမ်းများနှင့် ဆေးရုံတွင် လိုအပ်သောဆေးဝါးများ ဝယ်ယူရန်အတွက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အမျိုးသမီးရေးရာ အဖွဲ့မှ ထောက်ပံ့ပေးခြင်းဖြစ်ကြောင်းပြောကြားသည်။
ထို့နောက် ထောက်ပံ့ငွေများပေးအပ်ရာတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့်ဇနီးဒေါ်မြတ်ခင်မော်တို့က မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ စန်းလှိုင်ကိုလည်းကောင်း၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဘဏ္ဍာရေးမှူး ဒေါ်နန်းလှမေနှင့် အဖွဲ့ဝင်တို့က ဒေါက်တာခွန်ရွှေအုပ်ကိုလည်းကောင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ အမျိုးသမီးရေးရာအဖွဲ့ အဖွဲ့ဝင်ဒေါ်နန်းစံစမ်းနှင့် အဖွဲ့ဝင်တို့က အမွှာကလေးငယ်များကို လည်းကောင်း အသီးသီးပေးအပ်ခဲ့ပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစန်းလှိုင်က ဂုဏ်ပြု မှတ်တမ်းလွှာများပြန်လည်ပေး အပ်ခဲ့ကြောင်းသိရသည်။ ဆက်လက်၍ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာစန်းလှိုင်က ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီးနောက် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ အမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်မြတ်ခင်မော်နှင့် တာဝန်ရှိသူများက ဟိုပုံးမြို့ ပြည်သူ့ဆေးရုံတွင် တက်ရောက်ကုသနေသည့် လူနာများအတွက် အာဟာရဖြည့်စွက်စာနှင့် ထောက်ပံ့ ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။
နေမင်းထွန်း(ပအိုဝ်းဒေသ)