မလှိုင် ဇူလိုင် ၃
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ ၂၀၂၂ခုနှစ်၊ ဇွန်လိုင်လ(၃)ရက်နေ့၊ မြန်မာအမျိုးသမီးများကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယမန်နေ့နံနက်(၅)နာရီအချိန်မှစတင်၍ ကုသိုလ်ဒါနနှင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါနေ့က မလှိုင်မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ အတွင်းရေးမှူး ဒေါ်ဇူးဇူးစိန်မြင့် ဦးဆောင်၍ အဖွဲ့ဝင်(၂၀)ဦးတို့သည် ရှစ်မျက်နှာပရိယတ္တိစာသင်တိုက်၌ သီတင်းသုံးနေသော ဆရာတော် သံဃာတော်အရှင်သူမြတ်နှင့် သီလရှင်ဆရာလေး (၁၂၀)ပါးတို့အား အာရုဏ်ဆွမ်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်း၊ မုံပင်လေးပရဟိတကျောင်းရှိ ကျောင်းသား၊ ကျောင်းသူ(၇၁)ဦးတို့အား အချိုရည်နှင့် အလှူငွေကျပ်(၅)သောင်းလှူဒါန်းခဲ့ပါသည်။ထို့နောက် သမိုင်းဝင်ရွှေမုဋ္ဌောစေတီ တော်မြတ်ပရဝဏ်အတွင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှဦးဆောင်၍ ဌာနဆိုင်ရာများနှင့်အတူ ပေါင်းမြက်များ၊ ချုံနွယ်ပိတ်ပေါင်းများ စုပေါင်းသန့်ရှင်းရေး ပူးပေါင်းဆောင်ရွက်ခဲ့ပြီးနောက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့သူ(၃၁၀)ဦးတို့အား ပဲလွန်းကောက်ညှင်းပေါင်းနှင့် ဗယာကြော်များဖြင့် ကုသိုလ်ပြုကျွေးမွေးခဲ့ကြောင်း သိရသည်။
အောင်ဌေး(မလှိုင်)