တာမွေ ဇူလိုင် ၃
“ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးကြပါစို့”ဆိုသည့် ဆောင်ပုဒ်အတိုင်း မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ အခြေခံပညာအဆင့် ကျောင်းသား/သူလေးများအား ပညာသင်ယူခွင့် အခွင့်အလမ်းများ ရရှိလာစေရန်၊ အတူနေ မိသားစုနှင့် ပတ်ဝန်းကျင်သို့ ရောဂါကူးစက် ပြန့်ပွားမှုကို တားဆီးရန်နှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးလွှမ်းခြုံမှု အလျင်အမြန် ရရှိစေရန် ရည်ရွယ်ပြီး နိုင်ငံတော်အစိုးရမှ ဦးစားပေးအစီအစဉ်အလိုက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းအချိန်ကလည်း ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်ရှိ အမှတ်(၂၂) အခြေခံပညာမူလတန်းကျောင်း၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်ပညာရေးဌာနနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းပြီး နားမကြားသောကလေးများကျောင်း(ရန်ကုန်)ရှိ အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ အခြေခံပညာအဆင့် ကျောင်းသား/သူများအား တရုတ်နိုင်ငံထုတ် Sinopharm အမျိုးအစား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ (ဒုတိယအကြိမ်)အဖြစ် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ နားမကြားသောကလေးများ ကျောင်း(ရန်ကုန်)ရှိ အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ ကျောင်းသား/သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် လာရောက်ထိုးနှံ ကြသည့် ကျောင်းသား/သူများ အနေဖြင့် အဆင်ပြေချောမွေ့စွာ ထိုးနှံနိုင်စေရေးအတွက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများ၊ နားမကြားသော ကလေးများ ကျောင်း(ရန်ကုန်)မှ ဆရာ/ဆရာမများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီအသင်းဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များ၊ ရပ်မိ ရပ်ဖများ၊ လူမှုကူညီရေးအသင်းဝင်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ကိုယ်အပူချိန်တိုင်းတာ ပေးခြင်း၊ လက်ကိုစနစ်တကျ ဆေးကြောစေခြင်းနှင့် တစ်ဦးနှင့်တစ်ဦး (၆)ပေအကွာမှ တန်းစီစောင့်ဆိုင်းစေခြင်း အပါအဝင် လိုအပ်သည်များကို ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက် ပေးခဲ့ကြကြောင်း သိရသည်။
“ကျွန်တော်တို့လို အကြားအာရုံချို့တဲ့သည့် ကျောင်းသား/သူတွေမှာ ကိုဗစ်-၁၉ ရောဂါ မဖြစ်အောင်လို့ ကာကွယ်ဆေး ထိုးနှံပေးတဲ့အပေါ် အရမ်းကိုအတိုင်းမသိ ဝမ်းသာပီတိ ဖြစ်မိပါတယ်။ နိုင်ငံ့အကြီးအကဲများနှင့် ဒီမှာလာရောက်ထိုးနှံပေးတဲ့ တာဝန်ရှိသူတွေကိုလည်း ကျေးဇူးအထူးပဲတင်ရှိပါတယ်။ ကျွန်တော်တို့အနေနဲ့လည်း အခုလို ထိုးနှံထားခြင်းအားဖြင့် တခြားသူတွေနဲ့ ပြောဆိုဆက်ဆံတဲ့အခါမှာ ကိုယ့်ကိုယ်ကို ကိုဗစ်-၁၉ရောဂါ ကူးစက်မှုမှ ကြိုတင် ကာကွယ်နိုင်မှာလည်းဖြစ်ပါတယ်”ဟု ဆေးလာရောက်ထိုးနှံသူ ကျောင်းသားလေးတစ်ဦးက လက်သင်္ကေတပြ ဘာသာစကားဖြင့် ပြောကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်ရှိ နားမကြားသော ကလေးများ ကျောင်း(ရန်ကုန်)တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်က အသက်(၁၂)နှစ်နှင့်အထက် အခြေခံပညာ အဆင့် ကျောင်းသား/သူ (၁၂)ဦးကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံပေးနိုင် ခဲ့ကြောင်း၊ ယခု ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် အသက်(၅)နှစ်မှ (၁၂)နှစ်အထိ အခြေခံပညာအဆင့် ကျောင်းသား/သူ (၂၀)ဦးကို (ပထမအကြိမ်)အဖြစ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံ ပေးနိုင်ခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံပြီးသည့် အသက်(၅)နှစ်မှ (၁၂)နှစ်အထိ အခြေခံပညာအဆင့် ကျောင်းသား/သူ (၁၅)ဦးအထိ ရှိပြီဖြစ်ကြောင်း လူမှုဝန်ထမ်း ဦးစီးဌာနမှ သတင်းရရှိပါသည်။
နိုင်လင်းအောင်