မြောက်ဥက္ကလာပ ဇူလိုင် ၃
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေး ဆရာအသင်းတို့ ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ လူငယ်များ အသိပညာဗဟုသုတရရှိစေရန်၊ ပရဟိတဆောင်ရွက်နေသူများအား အတုယူလေးစားလိုက်နာဖွယ်ရာများကို သိရှိစေရန်ရည်ရွယ်၍ “ လူငယ်နှင့်ပရဟိတ” ခေါင်းစဉ်ဖြင့် အသိပညာပေး ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်လှလှထွေးက လူငယ်နှင့်ပရဟိတဆွေးနွေးပွဲ Talk Show ကျင်းပရခြင်း ရည်ရွယ် ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်စာရေးဆရာအသင်း အတွင်းရေးမှူး စာရေးဆရာမ သူဇာလှိုင်(ရဲဝင့်သူ)က ယနေ့ခေတ် လူငယ်များ ကိုယ်ကျိုး အတွက်သာမက အများအကျိုးကိုပါသယ်ပိုးသည့် ပရဟိတစိတ်ဓာတ်ကို မွေးမြူရန်၊ ပရဟိတဆောင်ရွက်ခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူး(၁၀)ချက်၊ ကိုယ်ကျိုးမကြည့်ဘဲ အများအကျိုးအတွက် ပရဟိတလုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် ပုဂ္ဂိုလ်များ၏အကြောင်းများ စသည်ဖြင့် ဆွေးနွေးခဲ့ပါသည်။
ထို့နောက် ဒုတိယဦးစီးမှူး ဒေါ်လှလှထွေးက ပရဟိတဆောင်ရွက်ရာတွင် ကိုယ်ကျိုးကို ကြည့်တဲ့သူ၊ အများအကျိုးကိုကြည့်တဲ့သူ၊ ကိုယ်ကျိုးအတွက်သာမက အများအကျိုးကိုပါ မကြည့်တဲ့သူစသည်ဖြင့် လူ(၄)မျိုးအကြောင်းကို အကျယ်တဝင့် ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြောက်ဥက္ကလာပမြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတရရှိစေရန်အတွက် အသိပညာပေး (Talk Show)အစီအစဉ်များ၊ ပြပွဲများ၊ ပြိုင်ပွဲများ ၊ပုံပြောခြင်း ၊ ကဗျာရွတ်ဆိုခြင်၊ စက္ကူရုပ်ခေါက်နည်းများ၊ ကျန်းမာရေးကဏ္ဍ၊ စာအုပ်မိတ်ဆက်ခြင်း အစီအစဉ်များကို We Love North Okkalapa Facebook Pageနှင့် မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook Pageတို့တွင် လွှင့်တင်ပေးလျက်ရှိကြောင်း သိရသည်။
လှလှထွေး