တောင်ကြီး ဇူလိုင် ၁
ရှမ်းပြည်နယ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ (၁/၂၀၂၂) အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ(၂)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှမ်းပြည်နယ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီဥက္ကဋ္ဌ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်နှင့်ပတ်သက်၍ ဆိုင်ကယ်စီးလျှင် ဦးထုပ်ဆောင်းရန်နှင့် တက္ကသိုလ်များ၊ အခြေခံပညာကျောင်းများတွင် အသိပညာပေး ဟောပြောရန်၊ မိမိတို့ ကော်မတီအဖွဲ့ များကလည်း လုပ်ငန်းစီမံချက်များ ချမှတ်၍ ယာဉ်အန္တရာယ် လမ်းအန္တရာယ်နှင့် ပတ်သက်ကာ မိမိတို့ ကိုယ်တိုင် စည်းကမ်း စနစ်တကျ လိုက်နာရန် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ပညာပေးကဏ္ဍများကို ဝန်ထမ်း၊ ကျောင်းသား၊ ကျောင်းသူများ၊ အရပ်ဘက်ပြည်သူများကို ပိုမိုထိရောက်အောင် အသိပညာပေး ဟောပြောကြရန် ပြောကြားသည်။
ဆက်လက်၍ ရှမ်းပြည်နယ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလဦး၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးချုပ် တင်ကိုကိုတို့က ယာဉ်အန္တရာယ်၊လမ်းအန္တရာယ်နှင့်ပတ်သက်၍ ဆွေးနွေးတင်ပြကြပြီး ရှမ်းပြည်နယ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ အတွင်းရေးမှူး၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်ဟန်မှ ရှမ်းပြည်နယ် ယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ တင်ပြကြသည်။
ထို့နောက် တက်ရောက်လာသည့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများမှ အထွေထွေဆွေးနွေးတင်ပြကြ၍ ဆွေးနွေးတင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက လိုအပ်သည်များ ဖြည့်စွက် ပြောကြား ဆွေးနွေးကာ နိဂုံးချုပ်စကား ပြောကြားကြောင်း သိရှိရသည်။
မောင်မောင်သန်း (တောင်ကြီး)